DVB Logo
Home
မြန်မာသတင်း
မင်းလက်ပံ ကျားဖြန့်ရုံက နိုင်ငံခြားသား ၉၀၀ ကျော် နေရပ်ပြန်ရန် ငြင်းဆန်နေ
DVB
·
December 3, 2025
မင်းလက်ပံ ကျားဖြန့်ရုံက နိုင်ငံခြားသား ၉၀၀ ကျော် နေရပ်ပြန်ရန် ငြင်းဆန်နေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာရှိ ကျားဖြန့်ရုံမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား အယောက် ၉၀၀ ကျော်ဟာ နောက်ကြောင်းရာဇဝတ်မှုတွေနဲ့ အရေးယူခံရမှာကို စိုးရိမ်ပြီး မိခင်နိုင်ငံပြန်ဖို့ ငြင်းဆန်နေတယ်လို့  အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မင်းလက်ပံကျေးရွာရှိ DKBA တပ်ဖွဲ့အကာအကွယ်ပေးထားတဲ့  Shunda Park ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းကို KNU က ဝင်ရောက်စီးနင်း ထိန်းသိမ်းထားပြီးနောက် ကျားဖြန့်တွေကို ထိရောက်စွာနှိမ်နင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ကျားဖြန့်ဝင်းအတွင်းကနေ နိုင်ငံစုံက အလုပ်သမား ၂,၆၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း နိုင်ငံခြားသားအလုပ်သမား ၉၀၀ ကျော်ဟာ ကျားဖြန့်လုပ်ငန်းကနေ စွန့်ခွာဖို့ ငြင်းဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အလုပ်သမားအရေးလှုပ်ရှားသူတယောက်က “သူတို့ နေရပ်မပြန်ချင်တဲ့ ကိစ္စတွေက သူတို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းခွင်ထဲမှာ ဒီလုပ်ငန်းခွင်လိုမျိုး လစာတွေ၊ သူတို့ရဲ့ ကျင်လည်မှုက ဒီထဲမှာပဲရှိတယ်။ အပြင်ပြန်ရောက်သွားရင် အဲဒီလိုမျိုး လစာမျိုးနဲ့ အဲဒီလို အလုပ်မျိုး သူတို့ ထပ်မရနိုင်ဘူး။ သူတို့ပြန်သွားရင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး သူတို့ကိုယ်နှိုက်က အလုပ်သမားအနေနဲ့ အတင်းအကျပ်ပဲ ခိုင်းလို့ပဲဖြစ်ဖြစ် စိတ်ပါလို့ပဲဖြစ်ဖြစ် သူတို့ လုပ်ကို လုပ်ခဲ့ရတယ်။ လုပ်ကို လုပ်ခဲ့ရတဲ့အပေါ်မှာ သူတို့ရဲ့ မိခင်နိုင်ငံ ပြန်ရောက်သွားလို့ရှိရင် ဒါနဲ့ပတ်သက်ပြီး အရေးယူမှုတွေ ခံရနိုင်ဖွယ်ရှိတယ်။ သူတို့က ဒီလုပ်ငန်းကို ဆက်ပြီးတော့ ဆက်ရပ်တည်ပြီး ဆက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိနေလို့။ တချို့တွေက ဘယ်လိုလဲဆိုတော့ သူတို့တွေက မိခင်နိုင်ငံကနေ ထွက်လာတည်းကိုက နောက်ကြောင်းမှာ ရာဇဝတ်မှုတွေ ရှိနေတယ်။ ရာဇဝတ်မှုတွေကို သူတို့က နည်းအမျိုးမျိုးနဲ့ ကျော်ဖြတ်ပြီးတော့မှ ရောက်လာတာ။ သူ့နိုင်ငံကနေ လိုအပ်နေတဲ့ တခြားအမှုကိစ္စတွေနဲ့ လိုအပ်နေတဲ့သူတွေလည်း ဖြစ်သွားနိုင်တယ်” လို့ ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းကနေ စွန့်ခွာဖို့ ငြင်းဆန်နေသူတွေဟာ ကာဇက်စတန် တယောက်၊ အင်ဒိုနီးရှား  တယောက်၊ ထိုင်ဝမ် ၄ ယောက်၊ ဗီယက်နမ် ၄ ယောက်၊ လာအို တယောက်နဲ့ ကျန်တာ တရုတ်နိုင်ငံသား ၉၀၀ ကျော် ရှိနေပါတယ်။

လက်ရှိ စစ်တပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အတွက် ကျားဖြန့်ဝင်းအတွင်း ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ထားသူတွေရဲ့ အသက်အန္တရာယ်ကို အာမခံဖို့ ခက်ခဲတယ်လို့ KNU က ဆိုပါတယ်။

ကျားဖြန့်ကနေ လွတ်မြောက်လာသူတယောက်က “KNU အနေနဲ့တော့ ဘယ်လိုဆုံးဖြတ်မလဲတော့ မသိဘူး။ သူတို့နိုင်ငံကို လွှဲပြောင်းပေးလို့မရတဲ့ အခြေအနေတခုမှာ ကျနော်တို့ အခြေအနေ တခုလောက် ထိန်းသိမ်းပေးကောင်း ထိန်းသိမ်းပေးနိုင်လိမ့်မယ်။ ဒီလိုမျိုးလူတွေက ဒီလိုမျိုး Background က လာတဲ့သူတွေဖြစ်တဲ့အတွက် အခြေအနေ အတိုင်းအတာ တခုလောက်အထိ ထိန်းသိမ်းတာမျိုး ဆိုရင်တော့ ဒီမှာလည်း အချိန်ကာလတခုပေါ့ ၆ လဖြစ် ၆ လ၊ တနှစ်ဖြစ် တနှစ် အဲလိုမျိုး ထိန်းသိမ်းနိုင်တဲ့ အခြေအနေဆိုရင်တော့ ဒါကတော့ သူတို့ရဲ့ အခက်အခဲကြောင့် လုပ်ပေးသင့်တယ်။ လူသားချင်းစာနာမှုအနေနဲ့ လုပ်ပေးသင့်တယ်လို့ ထင်တယ်။ ရေရှည်အတွက်တော့ မဖြစ်နိုင်ဘူးလို့ ကျနော့်အနေနဲ့ မြင်မိပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်က နိုင်ငံခြားသား ကလေးငယ် အပါအဝင် အယောက် ၇၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေဆီ KNU က လုံခြုံစွာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဒ့ါအပြင် ဒီဇင်ဘာ ၂ ရက်အထိ နေရပ်ပြန်ပို့ဖို့ စောင့်ဆိုင်းနေရသူ ၁၇၀ ကျော်ရှိပြီး အဲဒီထဲမှာ တရုတ် ၁၀၆ ယောက်၊ မလေးရှား ၃၂ ယောက်၊ ထိုင်ဝမ် ၁၄ ယောက်၊ စတဲ့ နိုင်ငံခြားသားတွေ ရှိနေပါတယ်။

လက်ရှိ မင်းလက်ပံ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းက ထွက်ခွာဖို့ ငြင်းဆန်နေတဲ့ အလုပ်သမားတွေကို လူ့အခွင့်အရေးအရ ဖိအားပေးလို့ မရဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူတယောက်က “သူတို့ နေရပ်ဒေသမှာ သူတို့က ဆက်ပြီးတော့ စားဝတ်နေရေးအတွက် ရပ်တည်ဖို့အတွက် ဝင်ငွေထွက်ငွေမျှတတဲ့ လုပ်ငန်းတွေ မရှိတဲ့ အတွက်ကြောင့်မို့ ဒီအကြောင်းတွေကြောင့် မပြန်ချင်တာ။ ကျနော် အဲလိုပဲ ယူဆတယ်။ ကျနော်တို့ကသာ သူတို့နိုင်ငံတွေကို သူတို့ ပြန်သွားပြီးဆို သူတို့အတွက် ကောင်းတယ်လို့ ယူဆပေမဲ့ သူတို့အတွက် မကောင်းဘူး။ အဲဒီအပေါ်မှာလည်း ကျနော်တို့က ဖိအားပေးလို့ မရဘူး။ ဘာကြောင့်လဲဆို လူ့အခွင့်အရေးက ရှိသေးတယ်။ လူ့အခွင့်အရေးဆိုတာ လူသားတိုင်း ကိုယ်ပိုင်ဘဝပေါ်မှာ သူတို့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အရာကို ကျနော်တို့က ဖိအားပေးလို့မရဘူး” လို့ ပြောပါတယ်။

မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပေါ်က ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာအနီးမှာ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ မြေပြင်နဲ့ဝေဟင် ပစ်ကူရယူပြီး စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

လက်ရှိမှာလည်း KNU က ထိန်းသိမ်းထားတဲ့ မင်းလက်ပံ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ထိရောက်စွာ နှိမ်နင်းနိုင်ဖို့ နိုင်ငံတကာရဲ့ အရေးပေါ် ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ KNU က ထုတ်ပြန်ခဲ့ပြီးနောက် စစ်တပ်က လူ၊ လက်နက်အင်အား ဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013