
ယူကရိန်းနဲ့ ဂါဇာစစ်ပွဲလို ပဋိပက္ခတွေနဲ့ နိုင်ငံအသီးသီးက စစ်ရေးအသုံးစရိတ် တိုးမြှင့်လာတာကြောင့် ကမ္ဘာ့အကြီးဆုံး လက်နက်ကုမ္ပဏီကြီးတွေရဲ့ ဝင်ငွေဟာ စံချိန်တင် မြင့်တက်လာပါတယ်။
စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (SIPRI) က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ကမ္ဘာ့အကြီးဆုံး လက်နက်ကုမ္ပဏီ ၁၀၀ ရဲ့ ဝင်ငွေဟာ ၂၀၂၄ ခုနှစ်အတွင်း ဒေါ်လာ ၆၇၉ ဘီလီယံအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီပမာဏဟာ အရင်နှစ်ကထက် ၅ ဒသမ ၉ ရာခိုင်နှုန်း တိုးလာတာဖြစ်ပြီး မှတ်တမ်းတင်သမျှထဲမှာ အမြင့်ဆုံးကိန်းဂဏန်းလည်း ဖြစ်ပါတယ်။
အထူးသဖြင့် ဥရောပကုမ္ပဏီတွေရဲ့ ဝင်ငွေဟာ ၁၃ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပြီး အမေရိကန်ကုမ္ပဏီတွေကတော့ ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။
ရုရှားကုမ္ပဏီတွေအနေနဲ့လည်း ပိတ်ဆို့မှုတွေ ရှိနေတဲ့ကြားက ပြည်တွင်းလိုအပ်ချက်ကြောင့် ဝင်ငွေ ၂၃ ရာခိုင်နှုန်းအထိ တိုးတက်လာတာ တွေ့ရပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်းမှာလည်း လက်နက်ရောင်းဝယ်မှု မြင့်တက်ခဲ့ပြီး အစ္စရေးကုမ္ပဏီတွေရဲ့ ဝင်ငွေဟာ ၁၆ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။
အာရှဘက်မှာတော့ တရုတ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းက အကျင့်ပျက်ခြစားမှု ပြဿနာတွေကြောင့် ဒေသတွင်း ဝင်ငွေ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။
လက်နက်ဝယ်လိုအား မြင့်တက်နေပေမဲ့ ကုန်ကြမ်းရရှိနိုင်မှု အခက်အခဲတွေကတော့ ထုတ်လုပ်သူတွေအတွက် စိန်ခေါ်မှုတခု ဖြစ်လာနိုင်တယ်လို့ SIPRI က သုံးသပ်ထားပါတယ်။
Source:Reuters










