DVB Logo
Home
မြန်မာသတင်း
DVB Peacock Film Festival 2025 ကို ချင်းမိုင်တွင် ၃ ရက်ကြာ ပြုလုပ်မည်
DVB
·
December 1, 2025
DVB Peacock Film Festival 2025 ကို ချင်းမိုင်တွင် ၃ ရက်ကြာ ပြုလုပ်မည်
Donate to DVB

ရဲရင့်တဲ့ မှတ်တမ်းရုပ်ရှင် ဖန်တီးသူတွေနဲ့ ပြည်သူ့သတင်းသမား (Citizen Journalists) တွေရဲ့ လက်ရာတွေကို နိုင်ငံတကာနဲ့ ပြည်သူတွေဆီ ချပြနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ ပြည်သူတွေရဲ့ လက်တွေ့ဘဝ အခြေအနေတွေကို ထင်ဟပ်တဲ့ မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတွေကို ပြသသွားမယ့် DVB Peacock Film Festival 2025  ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက် အထိ ကျင်းပဖို့ရှိပါတယ်။

ချင်းမိုင်တက္ကသိုလ်ရှိ  Communication Innovation Center – CIC မှာ ကျင်းပမယ့် ရုပ်ရှင်ပွဲတော်မှာတော့ DVB မှတ်တမ်းရုပ်ရှင်တိုပြိုင်ပွဲ ၂၀၂၅ (DSDC 2025)၊ ပြည်သူပြည်သား သတင်းသမားတွေ ရိုက်ထူးထုတ်လုပ်ထားတဲ့ CJ Shots 2025 နဲ့ ရုပ်သံဆောင်းပါး (News Feature) စတဲ့ ပြိုင်ပွဲ ၃ ခုက ရုပ်ရှင်တွေကို ပြသသွားမှာဖြစ်ပါတယ်။

ရုပ်ရှင်ပွဲတော် စီစဉ်ကျင်းပရတာနဲ့ ပတ်သက်ပြီး DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က “DVB Peacock ရုပ်ရှင်ပွဲတော်ကို ကျနော်တို့ ကျင်းပလာတာ ဒီနှစ်နဲ့ဆို ၄ နှစ်ပါ။ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းကတော့ မြန်မာပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ အနိဋ္ဌာရုံတွေ၊ လူထုတွေ ခံစားနေရတဲ့ ဒုက္ခသုက္ခတွေ အဲဒါတွေကို ဖော်ထုတ်ချင်တာပါ။ မြန်မာပြည်ပရိသတ် တခုတည်းအတွက် မဟုတ်ပါဘူး၊ ကျနော်တို့ ရည်ရွယ်တာကတော့ နိုင်ငံတကာအသိုက်အဝန်းကိုပါ။ မြန်မာပြည်တွင်းမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို သိစေချင်တာပါ။ ကမ္ဘာ့အသိုက်အဝန်းကပါ မြန်မာပြည်အရေးကို ပြန်ပြီး အာရုံစိုက်လာအောင်၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ဒီထက်ပိုပြီး ထောက်ခံလာအောင် ဒါတွေအတွက်ကြောင့် လုပ်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရုပ်ရှင်ပွဲတော်ရဲ့ ခေါင်းစဉ်ကတော့ “Giving Voice to the Voiceless” သတ်မှတ်ထားပြီး ဒီရုပ်ရှင်ပွဲတော်ဟာ သာမန်ရှပ်ရှင်ပွဲတော်တခုထက် ပိုတာဖြစ်လို့ မဖြစ်မနေ လာရောက်ကြည့်ရှုကြဖို့ ပွဲစီစဉ်သူ မချမ်းသီရိစိုးက ဖိတ်ခေါ်ထားပါတယ်။

“အခုရုပ်ရှင်ပွဲတော်ကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်တွေဟာ အခု မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာလည်း ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေတယ်။ ဒါတွေကို မှတ်တမ်းတင် ရိုက်ကူးနိုင်ဖို့ အင်မတန်မှ ခက်ခဲပါတယ်။ ဒီလို အခက်အခဲတွေကြားထဲမှာ ဒီလို မှတ်တမ်းရုပ်သံဖန်တီးသူတွေက မဖြစ် ဖြစ်အောင် ရိုက်ကူး ဖန်တီးနိုင်ခဲ့တယ်။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဖြစ်နေလို့ပါ။ အခုက ရုပ်ရှင်တွေကို လာကြည့်တာက ရုပ်ရှင်ကြည့်တယ် ဆိုတာထက် ကျမတို့ မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ သူတို့ရဲ့ ဘဝတွေကို အတူစာနာနိုင်ဖို့ ကြည့်ရှုရမှာဖြစ်လို့ မဖြစ်မနေ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်။”

ပြသမယ့် မှတ်တမ်းရုပ်ရှင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ ဘဝဒုက္ခတွေ၊ ပဋိပက္ခဒဏ်ခံနေရတဲ့ လူမှုအသိုက်အဝန်းတွေရဲ့  ကြံ့ခိုင်မှု အကြောင်းအရာတွေ စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ရုပ်ရှင်ပွဲတော်နဲ့ပတ်သက်တဲ့ သတင်းမီဒီယာတွေကို ဖိတ်ကြားပြီး ရှင်းလင်းပြောပြတာကိုတော့ နိုဝင်ဘာ ၃၀ ရက်က ချင်းမိုင်မြို့က DVB ရုံး တည်ရှိရာမှာ ပြုလုပ်ခဲ့ပါတယ်။

၃ ရက်ကြာ ကျင်းပမယ့် ရုပ်ရှင်ပွဲတော်မှာတော့ ရုပ်ရှင်ပြသတာတွေအပြင် ဆွေးနွေးပွဲတွေ (panel discussions)၊ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ (workshops) အထူးအစီအစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013