DVB Logo
Home
နိုင်ငံတကာ
ဂူတွင်းပိတ်မိနေသည့် လာအိုရွှေတူးသမား ၅ ဦး ပြန်တွေ့၊ ၂ ဦးကို ဆက်ရှာဖွေ
DVB
·
May 28, 2026
Photo: Reuters
Photo: Reuters
Donate to DVB

လာအိုနိုင်ငံ၊ ဆိုင်းဆုမ်ဘွန်းခရိုင်ထဲမှာ တပတ်ကျော်ကြာ ပိတ်မိနေတဲ့ ရွှေတူးသမား ၇ ယောက်ကို နိုင်ငံခြားကယ်ဆယ်ရေး ရေငုပ်သမားတွေပါ သွားရောက်ကယ်ဆယ်နေကြတာမှာ မေ ၂၇ ရက် ညနေပိုင်းမှာတော့ ၅ ယောက်ကို ထိခိုက်ဒဏ်ရာမရှိ ဘေးကင်းစွာ ပြန်တွေ့ပြီလို့ လာအိုနိုင်ငံပိုင် သတင်းနဲ့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဂူထဲပိတ်မိနေသူ ၇ ယောက်ထဲက ၅ ယောက်ကို လိုဏ်ခေါင်းတခုတွင်း ရေတွေဝိုင်းနေတဲ့ ကျောက်ဆောင်ပေါ်မှာ ညနေ ၄ နာရီခွဲလောက်က တွေ့ရှိကြောင်း၊ ၅ ယောက်လုံး ထိခိုက်ဒဏ်ရာမရှိ ဆာလောင်မှုနဲ့ နွမ်းနယ်မှုတွေသာရှိကြောင်း ဖင်လန်နိုင်ငံ ရေငုပ်ကျွမ်းကျင်သူ မစ်ကိုပီအဲတာရီပါးစီနဲ့ ထိုင်းရေငုပ်ကျွမ်းကျင်သူ နိုင်းနရောဆစ်ပါလာ့ဆင်တို့က ဂူဝမှာ မျှော်လင့်ကြီးစွာ စောင့်မျှော်နေတဲ့ မိဘဆွေမျိုးနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို သတင်းကောင်းပါးလိုက်ပါတယ်။

အဆိုပါ ၅ ယောက်မှာ နိုင်းမိတ်၊ နိုင်းလဲန်း၊ နိုင်းယိ၊ နိုင်းခမ်းနဲ့ နိုင်းလင်း တို့ဖြစ်ပြီး လာရောက်ကယ်ဆယ်သူကို တွေ့လိုက်ရတဲ့ အခိုက်အတန့်မှာ သူတို့တွေ ဝမ်းသာအားရ ငိုယိုကြတယ်၊ အပြင်ကလူတွေနဲ့ ဗီဒီယိုကော်လ် ခေါ်ဆို တွေ့ဆုံပေးတာမှာ အားလုံးက ဝမ်းမြောက်စွာ ငိုကြွေးခဲ့ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က သူတို့တွေကို အမြန်ဆုံး ဂူအပြင်ဘက် ခေါ်ထုတ်နိုင်ဖို့ နည်းလမ်းရှာဖွေသလို ကျန်ရှိနေသေးတဲ့ ၂ ယောက်ကိုလည်း ဆက်လက် ရှာဖွေနေကြောင်း ပြောပါတယ်။

နောက်ထပ်ရေငုပ်သမားတွေက အောက်ဆီဂျင်၊ ဓာတ်ဆားရည်၊ အစာအဟာရနဲ့ ဆေးဝါးတွေကို ဂူထဲ သယ်ဆောင်ပေးခဲ့ကြပါတယ်။

ည ၈  နာရီလောက်မှာတော့ ကျန်ရှိနေသေးတဲ့ ၂ ယောက်ကိုပါ ဘေးကင်းစွာ တွေ့ရှိပြီလို့ လာအိုလူမှုကွန်ရက်တွေမှာ ဖြန့်ဝေနေကြပေမဲ့ ထိုင်းကယ်ဆယ်ရေးအဖွဲ့ဘက်ကတော့ အတည်မပြုသေးပါဘူး။

ထိုင်းကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် အားကျန် ကိန်ကာဘန်ကာဝုန်းကတော့ သူတို့အဖွဲ့အနေနဲ့ ၅ ယောက်ကိုသာ ရှာဖွေတွေ့ရှိကြောင်း အတည်ပြုပြီး ကျန်တဲ့ ၂ ယောက်ကို ဆက်လက်ရှာဖွေနေတယ်လို့ ပြောပါတယ်။

“သူတို့တွေကို ဂူအပြင်ဘက် အန္တရာယ်ကင်းစွာ ကယ်ထုတ်ရေးအတွက် စေ့စပ်သေချာစီစဉ်ရမှာ ဖြစ်တယ်။ အဓိက,ကတော့ ရေတွေ အကုန်စုပ်ထုတ်နိုင်ဖို့ပါ။ လမ်းကြောင်းရှင်းပေးနိုင်ရင် သူတို့ ၅ ယောက်လုံး သူတို့ဘာသာ ထွက်လာနိုင်မယ်လို့ ယုံကြည်တယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက လိုအပ်တဲ့ ကယ်ဆယ်ရေးကိရိယာတွေနဲ့ ဖေးမကူညီရုံပဲ” လို့ လိုက်ဖ်လွှင့် ပြောပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုရဲ့ နေ့စားအလုပ်သမား ၁၀ ယောက်ဟာ မေ ၁၉ ရက်က ဆိုင်းဆုမ်ဘွန်းခရိုင်၊ လောင့်ကျဲန့်ရွာအနီး တောင်ပေါ်က ဂူထဲမှာ လုပ်အားခ တနေ့ ထိုင်းဘတ် ၂၅၀ ခန့်လောက်နဲ့ ရွှေတူးဖော်ဖို့ ဝင်ရောက်သွားခဲ့တာပါ။

သူတို့ ဂူထဲရောက်သွားချိန် မိုးတွေရွာလာပြီး ဂူထဲ ရေတွေစီးဝင်သွားတာကြောင့် ဂူထဲမှာ ရေတွေကြီးနေတယ်၊ ဂူပေါက်ဝနဲ့ သိပ်မ‌ဝေး‌တဲ့နေရာက အလုပ်သမား ၃ ယောက်ကတော့ ရေကူးပြီး ပြန်ထွက်လာနိုင်ပေမဲ့ ကျန် ၇ ယောက်က ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေဟာ တရားမဝင် ရွှေတူးတာကြောင့် အပြစ်ပေး အရေးယူခံရမှာ စိုးရိမ်ပြီး အစပိုင်းမှာ ဘယ်သူ့ကိုမှ အသိမပေးဘဲ ရွာသားချင်း ကြိတ်ပြီး ကယ်ဆယ်တယ် ဆိုပေမဲ့ ကယ်ဆယ်ရေး အလွန်ခက်ခဲကြောင်း သိမှ လူမှုကွန်ရက်ကနေတဆင့် သတင်းပေါက်ကြားလာခဲ့ပါတယ်။

လာအိုအစိုးရ ကယ်ဆယ်ရေးသမားတွေလည်း မနိုင်တော့တဲ့အတွက် နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့တွေကို ဖိတ်ခေါ် အကူအညီတောင်းခဲ့ပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူကြီးထဲက တောဝက်ဘောလုံးအသင်းကို အရင်ဆုံး ရှာဖွေတွေ့ရှိတဲ့ ဖင်လန်နိုင်ငံက ရေငုပ်ကျွမ်းကျင်သူ မစ်ကိုနဲ့ ထိုင်းရေငုပ်ကျွမ်းကျင်သမားတွေဟာ လွန်ခဲ့တဲ့ ၄ ရက်လောက်ကစ ဂူထဲဝင်ရောက် ရှာဖွေခဲ့တာပါ။

အဆိုပါဂူကြီးဟာ ကားလမ်းမကြီးကနေ ၃-၄ နာရီကြာ ခြေကျင်တောင်တက်သွားရတဲ့ တောထဲမှာရှိပြီး ဂူဟာ ကျဉ်းမြောင်းတဲ့အပြင် မြေပြိုထားတာတွေလည်းရှိလို့ မယ်ဆိုင်ဂူထက် ခက်ခဲတယ်လို့ ရေငုပ်သမားတွေက ပြောပါတယ်။

ဒီကယ်ဆယ်ရေးမှာ ရေတွေစုပ်ထုတ်တာ၊ ပိတ်ဆို့နေတဲ့ ကျောက်တုံးကြီးတွေ ဖယ်ထုတ်တာ၊ လျှပ်စစ်ကြိုးနဲ့ အင်တာနက် ဝိုင်ဖိုင်ကြိုး တပ်ဆင်တာ၊ အောက်ဆီဂျင်ဘူး ပို့ဆောင်တာ၊ လက်ရမ်းကြိုးတွေ သွယ်တန်းတာ၊ ကျန်းမာရေးကိစ္စ စတဲ့ ကိစ္စအဝဝကို ဘက်စုံ ပူးပေါင်း ဆောင်ရွက်ပြီး ရေငုပ်သမားတွေဟာလည်း အလွန်ကျဉ်းမြောင်းတဲ့ လိုဏ်ခေါင်းတွေထဲ ဝပ်ပြီးသွားတာ၊ တွားသွားတာ စသဖြင့် စွန့်စားစွာ ကယ်ဆယ်ခဲ့ကြရပါတယ်။

Source: Talk The News TAOS / Thailand Rescue Diver / CH7 News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013