
အမေရိကန်ရဲ့အခြေခံအဆောက်အအုံတွေကို ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံဖိုးလောက် ပျက်စီးအောင် ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သံသယရှိတဲ့ အီရန်နိုင်ငံသား တယောက်ကို မွန်တီနီဂရိုး ရဲတပ်ဖွဲ့နဲ့ အမေရိကန် FBI တို့ ပူးပေါင်းပြီး ဖမ်းဆီးလိုက်ပါတယ်။
အီရန်နဲ့ တူရကီ ၂ နိုင်ငံ နိုင်ငံသားဖြစ်ခွင့်ရထားတဲ့ အသက် ၃၉ နှစ်အရွယ် အဲဒီအမျိုးသားဟာ ကွန်ပျူတာ လိမ်လည်မှု၊ ဟက်ကာလုပ်မှုနဲ့ သူတပါးရဲ့ ကိုယ်ရေးအချက်အလက် ခိုးယူမှုတွေနဲ့ နယူးယောက်တရားရုံးက ဝရမ်းထုတ်ပြီး ရှာနေတဲ့သူ ဖြစ်ပါတယ်။
သူ့ကို မွန်တီနီဂရိုးနိုင်ငံရဲ့ အယ်ဒရီယဲ့တစ် ကမ်းရိုးတန်း အပန်းဖြေမြို့ ကို့ထိုရ် မှာ ဖမ်းဆီးခဲ့ကြောင်း မွန်တီနီဂရိုးရဲတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးက ဇွန် ၂၅ ရက်မှာ ပြောပါတယ်။
သူဟာ ၂၀၁၃ ခုနှစ်ကတည်းက စပြီး အမေရိကန်က တက္ကသိုလ်ပေါင်း ၁၅၀ ကျော်ကို ပစ်မှတ်ထား ပြီး အကြီးအကျယ် ဟက်ကာတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ခန့်မှန်းခြေ ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကျော် ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အမှုကိုတော့ တရားခံလွှဲပြောင်းပေးရေး ကိစ္စရပ်တွေ ဆက်လုပ်ဖို့အတွက် မွန်တီနီဂရိုးမြို့တော် ပေါ့ဂိုရီကာက တရားလွှတ်တော်တရားသူကြီးဆီ ပို့ဆောင်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူခိုးယူထားတဲ့ အချက်အလက်တွေနဲ့ တက္ကသိုလ်အကောင့်တွေကို အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) နဲ့ အီရန်က တက္ကသိုလ်တွေအပါအဝင် တခြားအဖွဲ့အစည်းတွေအတွက် အသုံးချခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး FBI ဘက်ကတော့ ချက်ချင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ အီရန်နိုင်ငံနဲ့ IRGC အဖွဲ့ဟာ အမေရိကန်ကို ပစ်မှတ်ထားပြီး အစိုးရနောက်ခံပြု ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်လေ့ရှိတဲ့ ရာဇဝင်သမိုင်းကြောင်း ရှည်လျားခဲ့တာပါ။
ဧပြီလတုန်းက အမေရိကန် ဆိုက်ဘာလုံခြုံရေး၊ ဥပဒေစိုးမိုးရေးနဲ့ ထောက်လှမ်းရေး အေဂျင်စီတွေဟာ အရေးကြီး အမေရိကန် အခြေခံအဆောက်အအုံ ယန္တရားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အီရန်ဟက်ကာ လှုပ်ရှားမှုတွေ မြင့်တက်လာကြောင်း သတိပေးထားခဲ့ပါသေးတယ်။
Source: Reuters










