DVB Logo
Home
မြန်မာသတင်း
နတ်တလင်းမြို့နယ်က စစ်တပ်စခန်း ၃ ခုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်
DVB
·
November 30, 2025
နတ်တလင်းမြို့နယ်က စစ်တပ်စခန်း ၃ ခုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက စစ်တပ်လက်အောက်ခံတပ်စခန်း ၃ ခုကို နိုဝင်ဘာ ၂၇ ရက် တရက်တည်းမှာ ဝင်ရောက်တိုက်ခိုက်မီးရှို့ရှင်းလင်းခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

နတ်တလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “နတ်တလင်းမြို့နယ်ထဲမှာ ရှိကြတဲ့ စစ်တပ်လက်အောက်ခံ ဒမငယ်ရဲစခန်း၊ တောင်ညိုရဲစခန်းနဲ့ စစ်တပ်ရဲ့ သစ်ဆိမ့်ခြံ ရိက္ခာဂိုဒေါင်တွေကို ဝင်ရောက်ပစ်ခတ်စီးနင်းပြီးတော့ မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ မင်းဘူး ကျွန်းအောက်စုပျူရွာကိုတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတာပါ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၉ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း ၁ တပ်ရင်းမှူး ကိုမိုးကြိုးကြီး က “အင်အား ၃၀ လောက်ရှိတဲ့ တောင်ညိုရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့တဲ့အခါတုန်းကတော့ ရန်သူတွေက လက်နက်ခဲယမ်းတွေ သယ်ပြီး ထွက်ပြေးသွားကြတော့ သူတို့စခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ထွက်ပြေးသွားကြတဲ့ ရန်သူတွေက မင်းဘူး၊ ကျွန်းအောက်စုပျူရွာထဲကို ထွက်ပြေးသွားတာကြောင့် အဲဒီပျူရွာထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ဒမငယ်ရဲစခန်း ဆိုတာကတော့ ပြီးခဲ့တဲ့ မတ်လထဲမှာ သိမ်းပိုက်ရရှိထားတဲ့ စခန်းဖြစ်ပေမဲ့ အခုမှ တလက်စတည်း နယ်မြေရှင်းလင်းရေး လုပ်ပြီး စခန်းထဲက အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။ သစ်ဆိမ့်ခြံရိက္ခာဂိုဒေါင်တွေကတော့ ရန်သူ့ဘက်က စပါးတို့၊ ပဲတို့ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေ ဖြစ်တာကြောင့် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အခုထိ တိုက်ပွဲငယ်တွေ ဆက်ဖြစ်နေတာမို့လို့ ​မြေပြင်အခြေအနေကို သတင်းမထုတ်ပြန်ရသေးပါဘူး” လို့ DVB ကို ပြောပါတယ်။

တိုက်ခိုက်မှုတွေကို သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း ၁ က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ လုပ်ဆောင်နေကြတာလို့ ဆိုပါတယ်။

နတ်တလင်းမြို့နယ်အတွင်း စစ်ရေးအရှိန်တိုးမြှင့်လာပြီဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီ ဂိတ်စခန်းတွေနဲ့ နီးကပ်စွာမနေကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013