
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးလေး-ဝေါလေ-စုကလိလမ်းပိုင်းကို ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကန့်သတ်ပိတ်ပင်ခဲ့တဲ့ သတိပေးထုတ်ပြန်ချက်ကို နိုဝင်ဘာ ၂၉ ရက်မှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
နယ်မြေတည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၁ ရက်က မင်းလက်ပံကျေးရွာက ကျားဖြန့်ရုံကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းပြီးနောက် ဖလူးလေး-ဝေါလေ-စုကလိလမ်းပိုင်းကို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ခွင့်ပြုချက်မရှိဘဲ မသွားလာဖို့နဲ့ အရေးပေါ်သွားလာလိုပါက ကြိုတင်သတင်းပို့ဖို့ DKBA က နိုဝင်ဘာ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ခဲ့တာပါ။
ဖလူးလေး-ဝေါလေ-စုကလိလမ်းပိုင်းကို ဒေသခံပြည်သူတွေက ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုနေတဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေက ရိက္ခာနဲ့ လက်နက်ခဲယမ်း ထောက်ပို့ရာမှာ အဓိကအသုံးပြုနေတဲ့ လမ်းဖြစ်ပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲမတိုင်မီ နယ်မြေအပြည်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ မြေပြင်၊ ဝေဟင် ပစ်ကူရယူပြီး စစ်ကြောင်းထိုးနေတာကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။










