
၁၀ လကြာတဲ့အထိ ဖလူး၊ မင်းလက်ပံကျေးရွာကို ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ စစ်တပ် စစ်ကြောင်းတွေဟာ လေးကေ့ကော်မြို့သစ်၊ ရဲကုန်းဘက်ကနေ ၂ ရက်ဆက်တိုက် လက်နက်ကြီးနဲ့ လေကြောင်း ပစ်ကူအလွန်အကျွံသုံးပြီး DKBA ထိန်းချုပ်နယ်မြေ ကျောက်ခက်ရွာဘက်ကို စစ်ကြောင်း ထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့နဲ့ ဝေါလေဗျူဟာမကျရေး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ၁၀ လကြာ စစ်အာဏာရှင်စစ်ကြောင်းတွေဟာ ဝေဟင်နဲ့ မြေပြင်ပစ်ကူရယူပြီး စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာပါ။
စစ်တပ်စစ်ကြောင်းတွေဟာ လေးကေ့ကော်မြို့သစ်၊ ရဲကုန်းဘက်ကနေ ဩဂုတ် ၂၄ ရက်နဲ့ ၂၅ ရက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူ အလွန်အကျွံသုံးပြီး DKBA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ခက်ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “လက်နက်ကြီးသံက တောက်လျှောက်ကြားနေတယ်။ မနေ့က တနေ့ကတော့ ၂ ရက်အတွင်းကို တော်တော်လေးကို ပြင်းထန်တယ်။ လက်နက်ကြီးတွေ အမြောက်ပါ ပစ်တာ။ ၁၂၂ အမြှောက်ပေါ့။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်။ မနေ့က တနေ့က တော်တော်လေးကိုဖြစ်တယ်။ ရဲကုန်းဘက်က သူတို့တိုးတယ်၊ တိုးလို့မရဘူး၊ တိုးပြီး ပြန်လန်ကျတယ်။ ဖလူး မင်းလက်ပံက တော်လှန်ရေးတပ်ဖွဲ့တွေ ရှိသေးတယ်။ သူတို့တိုးနေတာက ကားလမ်းမကြီး လမ်းကြောတည့်တည့်မဟုတ်ဘဲနဲ့ ကားလမ်းရဲ့ တောင်ဘက်ကနေပြီးတော့ ကျောက်ခက်ဘက်ကို အဲဒီဘက်ကို သူတို့တိုးတာ” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ မြန်မာ-ထိုင်း နယ်စပ်အနီးက DKBA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ခက်ရွာဘက်ကို ကျရောက်ခဲ့ပါတယ်။ ဒါကြောင့် စာသင်ကျောင်း၊ ဆေးရုံတွေကို ပိတ်ထားရတဲ့အပြင် ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက် ညနေပိုင်းက မြဝတီမြို့တောင်ဘက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ရဲ့ အမှတ် ၉၁၅ ကျွန်းတောစခန်းကို စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံး စခန်းဝန်းနဲ့ တပ်ဖွဲ့ဝင်နားနေဆောင်ဘက်ကို ကျရောက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၂ ယောက် သေဆုံး ပြီး တပ်မိသားစုဝင် ၂၀ နီးပါးဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “ဖလူး၊ မင်းလက်ပံကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုးပြီးတော့မှ သူတို့ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ ကိစ္စကတော့ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဒါ မကျေနပ်ချက်တွေကို ထုတ်ဖော်တာပဲ။ စစ်ကောင်စီက သူရဲ့ ပျော့ကွက် ဟာကွက်တွေ၊ သူ့ရဲ့ မှားကွက်တွေ၊ သူရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ချင်လို့ လုပ်တဲ့ လုပ်ရပ်တခုလို့ပဲ ကျနော်တို့က မြင်တယ်။ နောက်တခုကကျတော့ DKBA ကလည်း သူရဲ့ပိုင်နက်ထဲကို စကမရဲ့ တရားဝင် ဝင်ရောက်ခွင့်ရရေးကိစ္စမျိုး တောင်းဆိုတဲ့အပေါ်မှာ ညှိနှိုင်းတဲ့အပေါ်မှာ အဆင်မပြေတဲ့အတွက်ကြောင့် အခုလိုမျိုး ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ လက်နက်ကြီးတွေကို ပစ်ခတ်တယ်လို့ ကျနော်တို့က နားလည်တယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်က DKBA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ခက်ရွာဘက်ကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးကျည်တွေ ကျရောက်တာနဲ့ပတ်သက်ပြီး DKBA တာဝန်ရှိသူတွေကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခု သတင်းထုတ်လွှင့်ချိန်ထိ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းရန်ကြောင့် လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ကျေးရွာက ဒေသခံ ၄၀၀၀ ကျော်ဟာ သောင်းရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ဒီကနေ့အထိ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။











