DVB Logo
Home
ဆောင်းပါး
သတင်းစာဆရာ၊ စာရေးဆရာ လူထုဒေါ်အမာ၊ ၁၁၀ နှစ်ပြည့်
DVB
·
November 29, 2025
သတင်းစာဆရာ၊ စာရေးဆရာ လူထုဒေါ်အမာ၊ ၁၁၀ နှစ်ပြည့်
Donate to DVB

လူထုဒေါ်အမာ၊ နှစ်တရာပေါ်

တဆယ်ကျော်လျက်၊ ဤနေ့ရက်တွင်

"အာဏာရှင်က၊ ဘယ်တော့မှပင်

အရှင်မထွက်"၊ သူ့ပြောချက်မှ

သတိရသေး၊ တော်လှန်မွေးနေ့ပါတကား။ ။

၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က မွေးခဲ့တဲ့ ပြည်သူ့စာရေးဆရာမကြီး၊ လူထု သတင်းစာဆရာမကြီး လူထုဒေါ်အမာဟာ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုပါက အခု ၂၀၂၅ နိုဝင်ဘာလ ၂၉ ရက်ဟာ နှစ် ၁၁၀ ပြည့် မွေးနေ့ ဖြစ်ပါတယ်။

အာဏာရှင်ဆိုတာ

ဘယ်တော့မှ

အရှင်မထွက်ဘူး။

(လူထုဒေါ်အမာ)

အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူးလို့ အမေ လူထုဒေါ်အမာက ပြောခဲ့သလို စစ်တပ်ခေါင်းဆောင်တွေကလည်း စစ်တပ်ဟာ နိုင်ငံရေးက ဘယ်တော့မှ မထွက်ဘူးလို့ မကြာမကြာ ပြောလေ့ရှိကြတာပါ။ ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရကို ဖွဲ့ခွင့်ပြုခဲ့တော့ စစ်တပ်ဟာ ဆွေးနွေးပွဲတွေက ကတိအတိုင်း လုပ်လာပြီလို့ ထင်ခဲ့ကြပါတယ်။ စစ်အာဏာရှင်တော့ အရှင်ထွက်ပြီပေါ့လို့ တွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၂၀ NLD သောင်ပြိုကမ်းပြို မဲနိုင်အပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်း အာဏာသိမ်းလိုက်ပြန်တော့ အမေ လူထုဒေါ်အမာရဲ့ "အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး။" ဆိုတဲ့ သမိုင်းဝင်စကား ဘယ်တော့မှ မမှားဘူးဆိုတာ ပိုထင်ရှားလာပြန်တယ်။

အမာသည် အပျော့မဟုတ်

အဖြူသည် အမည်းမဟုတ်

အဖြောင့်သည် အကောက်မဟုတ်

အမာကို မပျော့စေနှင့်

အဖြောင့်ကို မကောက်စေနှင့်´

(မင်းသုဝဏ်) ၉၊ ၃ ၊ ၁၉၃၆

ဒုတိယကျောင်းသားသပိတ်ကာလ၊ အမေမာငယ်စဉ် ကျောင်းသူဘဝ ရေးပေးခဲ့သောစာ

ကဗျာဆရာကြီး မင်းသုဝဏ်၊ ရန်ကုန်တက္ကသိုလ်မှာ ဆရာ လုပ်စမှာပဲ ကိုနု၊ ကိုအောင်ဆန်း၊ မအုန်း၊ မအမာတို့ သပိတ်မှောက်ကြတာနဲ့ ကြုံပါတယ်။ ကျောင်းသားသပိတ်စခန်းက ရွှေတိဂုံဘုရားမှာ ဖြစ်ပါတယ်။ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်၊ ခေတ်စမ်းကဗျာဆရာ ခေါင်းဆောင် နှစ်ဦးက ကျောင်းသားတွေ သပိတ်မှောက်တဲ့နေရာကိုသွားပြီး အားပေးစကား ပြောကြားကြပါတယ်။ သပိတ်မှောက်ကျောင်းသူ မအမာက သူ့ရဲ့ အမှတ်တရစာအုပ်ကလေးထဲမှာ အမှတ်တရ ရေးပေးခဲ့ပါ ဆိုလို့ ဆရာ မင်းသုဝဏ်က လူထုဒေါ်အမာကို အထက်ပါစာလေး ရေးပေးခဲ့တာလို့ ဆရာ မောင်စွမ်းရည်က မိုးမခမှာ ရေးခဲ့ပါတယ်။

လူထုဒေါ်အမာရဲ့ နာမည်ရင်းက အမာဖြစ်ပါတယ်။ လူထုသတင်းစာမှာ ရေးသား၊ အယ်ဒီတာလုပ်ခဲ့လို့ လူထုဒေါ်အမာလို့ ထင်ရှားလာတာပါ။ ဒေါ်အမာကို မန္တလေးမြို့ ဂုန္တာန်ရပ်၊ အဖ ဦးထင် အမိ ဒေါ်စုတို့က ၁၉၁၅ ခု၊ နိုဝင်ဘာ ၂၉ တနင်္လာနေ့ မွေးဖွားခဲ့တယ်။ ၁၉၂၁-ခုနှစ် မန္တလေးမြို့ ဒေါ်စောအုံ အမျိုးသမီး နေရှင်နယ်ကျောင်းမှာ ဒုတိယတန်းအထိ ပညာသင်ကြားခဲ့တယ်။ ၁၉၂၃-ကနေ ၁၉၃၁ အထိ တတိယတန်းက နဝမတန်းအထိ အေဘီအမ်ကျောင်းမှာ ဆက်တက်တယ်။ ၁၉၃၃-ခုနှစ် မန္တလေးမြို့၊ ဗဟိုအမျိုးသားကျောင်းက ဆယ်တန်းအောင်တယ်။ ၁၉၃၃-၁၉၃၅ မန္တလေးဥပစာကောလိပ်မှာ ဓာတု၊ ရူပ၊ သင်္ချာ ဘာသာတွဲနဲ့ ပညာသင်ခဲ့တယ်။ ၁၉၃၆-ခုမှာ ရန်ကုန်တက္ကသိုလ် ဘီအေအောက်တန်း၊ အင်းလျားဆောင် သဟာယနဲ့ စာဖတ်သင်း အတွင်းရေးမှူး၊ ဒုတိယကျောင်းသားသပိတ်ကြီးမှာ ပါဝင်ခဲ့တယ်။ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘာမားဂျာနယ်တို့မှာ ဝတ္ထု ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ ကြီးပွားရေးဦးလှနဲ့ စတင်သိကျွမ်းပြီး ကြီးပွားရေးမှာ”ခင်လှဝင်း”၊ ”မြမဉ္ဇူ”ကလောင်အမည်တွေနဲ့ ရေးသားခဲ့တယ်။ ၁၉၃၇ မှာ ဘီအေနောက်ဆုံးနှစ် စာမေးပွဲကျပြီး ကျောင်းထွက်ပြီးနောက် မန္တလေးမှာ မြန်မာစက္ကူဆိုင်ဖွင့်တယ်။ ၁၉၃၈ ခုမှာ ဆရာကြီးဦးရာဇတ်ရဲ့ တိုက်တွန်းချက်အရ မောရစ်ကောလစ်ရဲ့ Trials In Burma ကို ”မြန်မာပြည်တွင် စစ်ဆေးခဲ့သောအမှုအခင်းများ”အမည်နဲ့ မြန်မာပြန်ဆို ထုတ်ဝေခဲ့တယ်။ သပိတ်မှောက်ကျောင်းသူ အမာ အမည်နဲ့ ထုတ်ဝေခဲ့တာဖြစ်တယ်။

အာဇာနည်ကြီး ဦးရာဇတ်ကျေးဇူးနဲ့ သတင်းသမားပိုးဝင်သွားခြင်း

အမေမာဟာ ကျောင်းသူဘဝကတည်းက ဝတ္ထုတိုလေးတွေကို လှမဉ္ဇူ၊ ခင်လဝင်း ဆိုတဲ့နာမည်တွေနဲ့ ရေးခဲ့တယ်။ ဒီလိုရေးရင်းနဲ့ သူ့ရဲ့ ဆရာဖြစ်သူ အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်က မောရစ်ကောလစ်ရေးသားတဲ့ မြန်မာပြည်တွင် စစ်ဆေးခဲ့သော မှုခင်းများစာအုပ်ကို ဘာသာပြန်ရေးဖို့ တိုက်တွန်းခဲ့တယ်။ အဲဒီစာအုပ်မှာ သတင်းဖော်ပြတဲ့ပုံစံတွေ အများကြီးပါတာကြောင့် ဘာသာပြန်ရင်း ကနေတဆင့် အမေမာဟာ သတင်းစာဆရာ ပိုးဝင်သွားတာပေါ့၊ ဆရာကြီး ဦးရာဇတ်ကျေးဇူးကြောင့်ပဲ သတင်းစာ ဆရာမကြီးဖြစ်လာရတယ်လို့ သူ့ကိုယ်သူ အမြဲပြောလေ့ရှိကြောင်း ကဗျာဆရာကြီး ဦးတင်မိုးက ပြန်ပြောပြခဲ့ဘူးပါတယ်။ သတင်းသမား စာနယ်ဇင်းသမားဖြစ်လာဖို့ ဒီစာအုပ်ကို ဘာသာပြန်ရာကနေ အမေမာကို လှုံ့ဆော်ပေးခဲ့တာပေါ့။

သတင်းစာသမားချင်း ဝါသနာတူ စာရေးရင်း ဖူးစာဆုံခဲ့ကြသူများ

၁၉၃၉-ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ ကြီးပွားရေးဦးလှနဲ့ ဒေါ်အမာတို့ လက်ထပ်ခဲ့ပါတယ်။ ကြီးပွားရေးမဂ္ဂဇင်း အယ်ဒီတာနဲ့ ပေးစာဆောင်းပါးရေးသူ မအမာတို့ စာပေးစာယူ အစောင်ရေ ထောင်ချီပေးရင်းက အကြောင်းပါခဲ့ကြတာလို့ "ငယ်ကကျွမ်းတဲ့ခင်ပွန်းသည် လူထုဦးလှ" စာအုပ်မှာ လူထုဒေါ်အမာက ရေးသားထားခဲ့ပါတယ်။ သူတို့ဟာလည်း ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဂျာနယ်ကျော် မမလေးတို့ မောင်နှံလို ဝါသနာတူ စာနယ်ဇင်း ဖူးစာဆုံကြသူတွေပေါ့။ ၁၉၄၀ မှာ မောရစ်ကောလစ်ရဲ့ Sandamalaကို ”စန္ဒမာလာ”အမည်တပ်ပြီး မြန်မာပြန်ထုတ်ဝေပါတယ်။ ၁၉၄၂-၄၄ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ”ကပိုင်ရွာ” ကို ခေတ္တပြောင်းရွှေ့နေထိုင်ပြီး စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့တယ်။ ၁၉၄၅-ခု လူထုဂျာနယ် (ဇူလိုင်) ထုတ်ဝေတဲ့အခါ ပါဝင်ရေးသားပြီး လက်ထောက်အယ်ဒီတာ လုပ်တယ်။ Wanda Wasilewska ရဲ့ The Rainbowကို”သက်တန့်ရောင်”နာမည်နဲ့ မြန်မာပြန်ထုတ်ဝေခဲ့တယ်။

၁၉၄၆ လူထုသတင်းစာ (၁၉ ဧပြီ) စတင်ထုတ်ဝေတဲ့အခါ အယ်ဒီတာအဖွဲ့ဝင်လုပ်တယ်။ ”ဖခင် အောင်နိုင်”ကလောင်ခွဲနဲ့ ”နိုင်ငံရေးဆွေးနွေးခန်း”ပင်တိုင်ဆောင်းပါးတွေ ရေးသားတယ်။ လူထုသတင်းစာနဲ့ လူထုဂျာနယ်ကိုတွဲပြီး ထုတ်ဝေခဲ့တဲ့ အချိန်ကစပြီး ခင်ပွန်းသည်နဲ့အတူ သတင်းစာ ဂျာနယ်လုပ်ငန်းတွေကို စောက်ချလုပ်ကိုင်ခဲ့ပြီး လူထုဒေါ်အမာလို့ အမည်ကျော်ကြား လာခဲ့တော့တယ်။

‘အမေ့မီးတိုင် မငြိမ်းနိုင်’

မရေမရာ အပူခေတ်မှာ

အမေမာ လူဖြစ်ခဲ့ရ

ဝေဒနာ ယူပစ်ဖို့

စေတနာ ဖြူဖြူသစ်ခဲ့ပေါ့

ပြေရွာကို သူချစ်ခဲ့တယ်လေ။

အရှည်ခရီးရဲ့ မိုင်အမှောင်

တထောင်တကုဋေမှာ

အမေ ပုတီးနဲ့

ကလောင်ကိုင်နိုင်ပါစေ။

လူ့ရပ်ရွာက

သူ့စာဖတ်တွေကို

ကရုဏာဓာတ် ရေစင်ဖျန်းပြီး

ရွှေရင်လန်းစေခဲ့တဲ့ တို့အမေ။

သူ့မီးတိုင် တို့ရင်တွင်း

အမြဲလင်း လင်းလို့နေ။

အမေမာဆိုတဲ့ အမာမေမေ

မာစေသာစေ ဆယ်ကမ္ဘာမြေ

ဘယ်အခါမသေ

ဘယ်အခါမျှမသေ

တကယ်ထာဝရအမေ။ ။

(တင်မိုး)

(အမေလူထုဒေါ်အမာ ၈၇ နှစ်ပြည့် မွေးနေ့သို့)

၆ - ၁၀- ၂၀၀၂ ဗုဒ္ဓဟူး နံနက်ခင်း တိုကျို

ဆရာကြီး ဦးတင်မိုးရေးသားခဲ့တဲ့ ကဗျာလိုပါပဲ။ လူသေသော်လည်း နာမည်မသေ လူထုအတွက် တော်လှန်စာပေတွေ ရေးသားချန်ထားခဲ့သော‌ အမေပါ။ အခုဆို အမေ့ရဲ့ အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူးဆိုတဲ့စကား တပြည်လုံးက လက်ခံနေပါပြီ။ ၁၉၄၇ ခုနှစ်မှာ လူထုဦးလှနဲ့အတူ လွတ်လပ်ရေးအတွက် ဖဆပလအာဘော်တမျှနီးပါး လူထုသတင်းစာမှာ ရေးသားတိုက်ပွဲဝင်ခဲ့ပါတယ်။ ၁၉၄၉-ခုမှာ လူထုသတင်းစာနဲ့ ကြီးပွားရေးပုံနှိပ်စက်တွေ တည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုင်းနဲ့ စစ်တပ်က လာဖောက်ခွဲတာ ခံခဲ့ရတယ်။ Gunther Stein ရဲ့ The Challenge of Red China ကို ”ကွန်မြူနစ်တရုတ်ပြည် အင်အားပြိုင်ပွဲ” နာမည် ပေးပြီး ဘာသာပြန်ထုတ်ဝေခဲ့တယ်။

၁၉၄၉ ဧပြီ ၂၄ ကနေ ပိတ်ထားခဲ့ရတဲ့ လူထုသတင်းစာကို (၁၉၅၀၊ နိုဝင်ဘာ ၁) ရက်မှာ ပြန်လည် ထုတ်ဝေခဲ့တယ်။ (၁၉၄၆-မေ)က ရပ်နားခဲ့တဲ့ လူထုဂျာနယ်ကို (၁၉၅ဝ ဩဂုတ် ၁) ရက်မှာ ပြန်ထုတ်ဝေတယ်။ ၁၉၅၃-ခု ကမ္ဘာ့ဒီမိုကရက်တစ်အမျိုးသမီးညီလာခံ (ကိုပင်ဟေဂင် ၇-၆-၁၉၅၃) ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ (ဟန်ဂေရီ၊ ဘူဒါပက် ၁၅-၆-၁၉၅၃)။ ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နှင့် ကျောင်းသားပွဲတော် (ရိုမေးနီယား၊ ဘူခါရက် ၂၅- ၇ -၁၉၅၃) ကို တက်ရောက်ခဲ့တယ်။ Archie John Stone ရဲ့ In The Name Of Peaceကို ”ငြိမ်းချမ်းရေးသို့” နာမည်နဲ့ ဘာသာပြန် ထုတ်ဝေခဲ့တယ်။ ခင်ပွန်း လူထုဦးလှ ပုဒ်မ (၅) နဲ့ အဖမ်းခံနေရချိန်မှာ လူထုသတင်းစာခေါင်းကြီးတွေကို တာဝန်ခံရေးသားခဲ့တယ်။ ၁၉၅၉၊ မတ်လ ၁၂ ရက်မှာ လူထုသတင်းစာ ချိတ်ပိတ်ခံရပြန်တယ်။ ၁၉၆ဝ မေလ ၁ဝ ရက်မှာ လူထုသတင်းစာ ပြန်ထွက်ခဲ့တယ်။ ၁၉၆၂ ဖေဖော်ဝါရီ ၃ အေရိုဖလုတ် လေကြောင်းဖွင့်ပွဲကို မြန်မာသတင်းစာဆရာကိုယ်စားလှယ်အနေနဲ့ ဖိတ်ကြားခံခဲ့ရလို့ မော်စကိုကို သွားခဲ့တယ်။ အပြန်မှာ အရှေ့ဂျာမနီ ချက်ကိုစလိုဗက်ကီးယားနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွေဆီလှည့်လည်ခဲ့တယ်။

‘လူထုမိခင်’

ဗဟိန်းအောင်ဆန်း၊ ရင်ဘောင်တန်းခဲ့

“ငြိမ်းချမ်း” သမီး၊ “လှ” ဇနီး။

ခင်ပွန်းထောင်ကျ၊ သားထောင်ကျလည်း

လုံးဝမပျော့၊ အားမလျှော့။

ခင်ပွန်းလည်းဆုံး၊ သားလည်းဆုံးခဲ့

လုံးဝမပျော့၊ မာန်မလျော့။

ကိုယ်တိုင်ထောင်ကျ၊ နှိပ်ကွပ်ကြလည်း

မခ “စစ်” အောက်၊ ဒူးမထောက်။

ဖက်ဆစ်ဆန့်ကျင်၊ စစ်ဆန့်ကျင်တဲ့

သည်လင် သည်သား၊ သည်မိသားစု

စွန့်လွှတ်မှုဖြင့်၊ လူထုအားမာန်တံခွန်ထူ။

ဖက်ဆစ်စစ်သား၊ စစ်ဗိုလ်များကို

သားမတော်သူ၊ လူကျော်မိခင်

ချိုးဖြူမိခင်၊ ဒေါင်းမိခင်ကို

ဦးတင်ကဗျာ၊ ပူဇော်ပါအံ့

မေမာ ငြိမ်းချမ်းပါစေသော်။ ။

ပြည်ရွာ ကိန်းခန်းသာစေသော်။ ။

(မောင်စွမ်းရည်)

၂၀၀၆ အောက်တိုဘာ ၂၇

၁၉၆၃ မှာ ”ဆိုရှယ်လစ်တိုင်းပြည်များသို့” ”အိုယန်းကီးတို့” ”ငွေနှင့်လက်နက်”စာအုပ်တွေ ရေးသားထုတ်ဝေတယ်။ ၁၉၆၄ ခုနှစ်မှာ ”ပြည်သူချစ်သော အနုပညာသည်များ”စာအုပ် ထုတ်ဝေတယ်။ အဲ့သည်စာအုပ်နဲ့ ၁၉၆၄ စာပေဗိမာန်ရဲ့ ”အနုပညာဆိုင်ရာ စာပေပထမဆု” ရတယ်။ ၁၉၆၆ ခုနှစ်က အဂ္ဂါစနိုးရေးသားတဲ့ ”The Other Side of the River” ကို ”ဘဝချင်းမတူသည့် တရုတ်ပြည်” အမည်နဲ့ ဘာသာပြန်ပြီး နှစ်တွဲခွဲထုတ်ဝေခဲ့တယ်။ ၁၉၆၇-မှာ လူထုသတင်းစာ ရပ်စဲခံရပြီး ”အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး” စာအုပ်ကိုရေးသားထုတ်ဝေခဲ့တယ်။

၁၉၆၉ ခုနှစ်ကျတော့ ”ရွှေရိုးဘကလေး” နှစ်တွဲခွဲထုတ်ဝေတယ်။ ကာတွန်း ဘကလေးရဲ့ ”ရွှေတလေးကာတွန်းများ”ကို ဖြည့်စွက် အမှာရေးသား ထုတ်ဝေခဲ့တယ်။ ၁၉၇၀ မှာ ”ရွှေမန်းတင်မောင်” စာအုပ် ပြုစုထုတ်ဝေတယ်။ မတ်လ ၃ ရက်နေ့မှာ မန္တလေး-ကန်သာယာ စာတမ်းဖတ်ပွဲမှာ ”ဗမာ့ ဖန်ကျီလုပ်ငန်း” စာတမ်းဖတ်တယ်။ ၁၉၇၁ ခုနှစ်မှာ မန္တလေးဓမ္မဗိမာန်မှာ ”ကနေ့ဗမာ့သဘင်” စာတမ်းဖတ်တယ်။ ၁၉၇၂-မန္တလေး နိုင်ငံတကာစာအုပ်နှင့် စာတမ်းဖတ်ပွဲမှာ ”ကမ္ဘာ့အကြီးဆုံးစာအုပ်” စာတမ်းဖတ်ခဲ့သေးတယ်။ ၁၉၇၃ မှာ ”အငြိမ့်” စာအုပ် နှစ်တွဲခွဲ ထုတ်ဝေတယ်။ ၁၉၇၅ ခုမှာ ”ရွှေဒေါင်းတောင် ဆောင်းပါးများ” စာအုပ်ထုတ်ဝေခဲ့ပြီး ၁၉၇၆ မှာ ”ဆရာကြီးသခင်ကိုယ်တော်မှိုင်း”အတ္ထုပ္ပတ္တိ စာအုပ်ထုတ်ဝေတယ်။ ဩဂုတ် ၁၉ ဟံသာဝတီသတင်းစာ စနေ စာပေဝိုင်း စာတမ်းဖတ်ပွဲမှာလည်း ”အတ္ထုပ္ပတ္တိစာပေ”စာတမ်းဖတ်တယ်။

၁၉၇၈- ဩဂုတ် ၂၁ မှာ လူထုဦးလှသား ကိုငြိမ်းချမ်းတို့နဲ့အတူ အထိန်းသိမ်းခံရပြီး (၁ နှစ် ၁ လ ၁ ရက်ကြာမှ ပြန်လွတ်တယ်၊)။ ၁၉၇၉- ဩဂုတ် ၂၂ ရက်မှာ ပြန်လွတ်တယ်။ Chester Ronning ရဲ့ ”A Memoir of China in Revolution” ကို ”တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော် မှတ်မိသမျှ”အမည်နဲ့ ဘာသာပြန်ထုတ်ဝေတယ်။ ၁၉၈၂မှာ နှစ်ပေါင်း ၄ဝ ကျော် ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်း လူထုဦးလှ ကွယ်လွန်တယ်။

'အမေ့မေတ္တာ ကမ္ဘာအဆုံး'

ရွှေငွေလိုက ဝယ်လို့ရ၏။ ။

ပညာလိုက သင်ယူရ၏။ ။

ဂုဏ်သိမ်လိုက ဖန်တီးရ၏။

အမေ့ မေတ္တာ ကမ္ဘာအဆုံး သီကုံးမရ။

ဘဝကိုလည်း ဝေစေ၏။ ။

အလှကိုလည်း ဝေစေ၏။ ။

အမျှကိုလည်း ဝေစေ၏။ ။

အမေရေ မသေပါနဲ့ဦး . . .

တန်ဆောင်မုန်းနဲ့ တောင်ပြုန်းပွဲ

လှည်းကလေးနဲ့ သွားရအောင်

ငယ်စဉ်ကျေး တေးတဘောင်

မှောင်ခြင်း လင်းခြင်း

ခြင်းနှစ်ခြင်း ရုန်းရင်း ကန်ရင်း

ပျော်ရွင်ခြင်းနှင့်

စာရင်းလက်ကျန် ရှင်းပါနော့ - အမေ။ ။

မောင်ပေါက်စည် (မန်းတက္ကသိုလ်)

၁၉၈၄ မတ်လ ၄ မှာ မန္တလေးမီးကြီးအတွင်း ကြီးပွားရေးစာအုပ်တိုက် ပုံနှိပ်တိုက်၊ စက္ကူသိုလှောင်ရုံ၊ စာအုပ် သိုလှောင်ရုံတွေ မီးလောင်ဆုံးရှုံးသွားတယ်။

၁၉၈၅ နိုဝင်ဘာ ၂၉ အမေမာရဲ့ အသက် ၇ဝ ပြည့်မွေးနေ့ပွဲ အမရပူရ တောင်လေးလုံးမှာ ပထမဆုံး ကျင်းပတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက်ပိုင်း အကျဉ်းရုံးသာ ကျင်းပနိုင်ကြတော့တယ်။ ၁၉၈၅ မှာပဲ ”ချင်းတွင်းမှ ပင်လယ်သို့”စာအုပ် ထုတ်ဝေတယ်။ ၁၉၈၉- မေ ၂၇ ”ပြည်သူချစ်သော အနုပညာသည်များ”စာအုပ် ငွေရတုပွဲ အမရပူရတောင်လေးလုံးမှာ ကျင်းပပြီး ”မြန်မာ့မဟာဂီတ”စာအုပ်နဲ့၊ ”အာဖရိကဝတ္ထုတိုများ” စာအုပ်ထုတ်ဝေတယ်။ ၁၉၉၀- လူထုဦးလှနဲ့ ပူးတွဲရေးတဲ့ ”ဆေးလိပ်နှင့် လူသား” စာအုပ်ထုတ်ဝေခဲ့တယ်။

၁၉၉၁ ခုနှစ်မှာ ဓနမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို စုပြီး ”မန္တလေးသူ၊ မန္တလေးသားများ” နာမည်နဲ့ စာအုပ်ထုတ်ဝေပြန်တယ်။ ၁၉၉၂ မှာ ”ရနံ့သစ်မဂ္ဂဇင်း” မှာ ”ဇမ္ဗူဒီပါအောင်ထွန်း”ကလောင်အမည်ခွဲနဲ့ နိုင်ငံတကာဆောင်းပါးတွေ ဆက်တိုက် ရေးသားခဲ့ပါတယ်။ အဲ့သည်နှစ်မှာပဲ ”ထိုင်းဝတ္ထုတိုများ (၁)” ထုတ်ဝေခဲ့တယ်။ ၁၉၉၃ မှာ မဂ္ဂဇင်းတွေအတွင်း ရေးသားခဲ့တဲ့ မန္တလေးဆိုင်ရာ ဆောင်းပါးတွေကို စုပေါင်းပြီး ”ရတနာပုံ မန္တလေး၊ ကျွန်မတို့ မန္တလေး”စာအုပ်ထုတ်တယ်။ ”ထိုင်းဝတ္ထုတိုများ (၂)” စာအုပ်လည်း ထုတ်ဝေတယ်။ ၁၉၉၄ မှာ ”သာသာနာ့တန်ဆောင် ဆရာတော်ကြီးများ” စာအုပ်ထုတ်ဝေတယ်။ ”ရွှေဒေါင်းတောင်ဆောင်းပါးများ”ကို ဂျပန်အမျိုးသမီး Yasuko Dobashi (မြန်မာအမည် ဒေါ်ယဉ်ယဉ်မြ) က ဂျပန်ဘာသာပြန် Shinjuku Shobo Co.,Ltd စာအုပ်တိုက်က တန်ဖိုးယန်း ၂၇၁၈ နဲ့ ထုတ်ဝေတယ်။ ၇၉ နှစ် မွေးနေ့အမှတ်တရ ”ကျွန်မတို့ငယ်ငယ်က” ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ ၁၉၉၅- မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းသားဟောင်းများ ဦးစီးထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ်မဂ္ဂဇင်းမှာ ”တာဝန်ခံအယ်ဒီတာ” လုပ်ပေးခဲ့တယ်။ ”ကမ္ဘာ့အကြီးဆုံး စာအုပ်” (၅)ကြိမ်မြောက်ထုတ်ဝေတယ်။

၁၉၉၆ မှာ ”ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းတုတော်”စာအုပ် ပြုစုထုတ်ဝေတယ်။ ၁၉၉၇ ခုမှာ ”မြန်မာ့ခေတ်သစ် ပန်းချီစာအုပ်”၊ ”တောင်လေးလုံးမှ နတ်ကျွန်းထိ”၊ ”ပြည်သူချစ်သော အနုပညာ သည်များ”နှင့် ”အမေ့ရှေးစကား” (ပ) တွဲ စာအုပ်တွေ ပြုစုထုတ်ဝေခဲ့တယ်။ ၁၉၉၈ ခုနှစ်မှာ ”၈၃ နှစ် ၈၃ ခွန်း” လက်ကမ်းစာစောင် ပြုစုထုတ်ဝေတယ်။ ၈၃ နှစ်ပြည့် မွေးနေ့ပွဲ အမရပူရ တောင်လေးလုံး ကျောင်းတိုက်မှာ ကျင်းပခဲ့သေးတယ်။ ၁၉၉၉-”တောင်အာရှ ပြတင်းပေါက်များ”စာအုပ်ထုတ်ဝေ။ ၂၀၀၀- ပြည့်နှစ် ”အမေ့ရှေးစကား(ဒု)တွဲ” ပြုစုထုတ်ဝေသလို ၂၀၀၁ မှာ ”ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့” စာအုပ် ရေးသားထုတ်ဝေတယ်။ ၂၀၀၂ မှာ ”ငွေနှင့်လက်နက်” ဒုအကြိမ်၊ ”ဆေးလိပ်နှင့်လူသား”ဒုအကြိမ်။ ” ၁၂ ပွဲ ဈေးသည်နှင့် ကျွန်မတို့အညာ” စာအုပ်တွေ ထုတ်ဝေတယ်။ ၂၀၀၃ မှာ ”မြန်မာပြည်တွင် စစ်ဆေးခဲ့သော မှုခင်းများ” တတိယအကြိမ် သီဟရတနာစာပေက ထုတ်ဝေတယ်။ ”လွမ်းသူ့စာ” စာအုပ်ကိုလည်း စာပေလောက က ထုတ်ဝေတယ်။

၂၀၀၄ မှာ ”ချင်းတွင်းမှ ပင်လယ်သို့” ဒုအကြိမ်ထုတ်ဝေပြီး ”သက်တံ့ရောင်” ဒုအကြိမ်ထုတ်ဝေ သလို ”စာအုပ်ဆိုင်က လူဝင်လူထွက် အတွေးအမြင်ဆောင်းပါးများ” စာအုပ်လည်း ထုတ်ဝေခဲ့တယ်။

လူထုဒေါ်အမာ၏ ကလောင်ခွဲများ

အမေမာရဲ့ ကလောင်အမည်ခွဲတွေကတော့ – ခင်လဝန်း၊ ဇမ္ဗူဒီပါအောင်ထွန်း၊ ဖခင်အောင်နိုင်၊ ဖိုးသာအောင်၊ မြမဉ္ဇူ၊ အမာ၊ အမာ (တက္ကသိုလ် သပိတ်မှောက်ကျောင်းသူ)၊ အင်းလျားဆောင်သူတဦးတို့ပါ။ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှာ နှစ် ၉ဝ ပြည့် အထိမ်းအမှတ်အဖြစ် ”လူထုအမေ နှစ် ၉၀” အမှတ်တရစကားစု၊ စာစုစာအုပ်ကို စာရေးဆရာတွေ စုပေါင်းရေးသားပြီး ကမာရင်ကွဲစာအုပ်တိုက် (ရန်ကုန်) က ထုတ်ဝေခဲ့တယ်။ ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့ မနက် ၈ နာရီ ၃၇ မိနစ်က မန္တလေးမြို့မှာ ကွယ်လွန်ခဲ့တယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ်ရှိပါပြီ။

လူထုဒေါ်အမာနဲ့ မင်းသုဝဏ်ရဲ့ ၈၈၈၈ ကဗျာ

၈၈၈၈ ကာလ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားတွေ အစာငတ်ခံ ဆန္ဒပြကြတော့ ဆရာကြီး မင်းသုဝဏ်က သွားပြီး အားပေးခဲ့တယ်။ ပြီးတော့ ၈၈၈၈ ကျောင်းသားတွေအတွက် ကဗျာတပုဒ် ဂုဏ်ပြုစပ်တယ်။ ဒီကဗျာကို ကဗျာဆရာ မောင်စွမ်းရည်က ကူးယူထားတဲ့အချိန် မန္တလေးက လူထုဒေါ်အမာဆီက ဖုန်းဝင်လာသတဲ့။ "ဟဲ့ ငါတို့ ၈၈၈၈ စာစောင်ထုတ်မလို့ ကဗျာရှိသလား" ဆိုတော့ ဆရာစွမ်းက ရှိတယ်လို့ ပြန်ပြောတယ်။ ကဗျာက ကောင်းပါ့မလားလို့လည်း မေးသတဲ့။ ဖုန်းနဲ့ ဖတ်ပြောတာကို အမေမာက တယ်လီဖုန်းတဖက် ဘော့ပင်နဲ့ လိုက်ရေးတယ်။ ကဗျာလည်းဆုံးရော ရေးသူအမည် မေးတော့မှ ဆရာကြီးမင်းသုဝဏ်လို့ ပြောတော့မှ "တော်တော်ဆိုးတဲ့ကောင် အစတည်းက ဆရာကြီး ကဗျာလို့ ပြောပါလားတဲ့။ ငါ့မှာ လိုက်သာကူးရေးနေရတယ် ကဗျာက ကောင်းပါ့မလားလို့ စိတ်ပူနေရတာတဲ့။ တကယ်တော့ ဆရာစွမ်းက အမေမာ ရေးလို့ဆုံးမှ ဝမ်းသာအောင် တမင်နောက်လိုက်တာပါတဲ့။ ကဗျာချစ် စာပေချစ်သော‌ အမေမာရဲ့ ၈၈၈၈ ကဗျာ စာပေ အမှတ်တရလေးပါ။ ၈၈၈၈ မှာ လူထုအမေရဲ့ လူထုအတွက် တော်လှန်စာပေတာဝန် ကျေပွန်လွန်းခဲ့ပါကလားနော်။

ဒေါ်အမာက "ငယ်ကကျွမ်းတဲ့ခင်ပွန်းသည်"သို့ ဆိုပြီး ခင်ပွန်းကို တိုင်တည်ရေးဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ ခတ္တာပွင့်ချိန် ဆောင်းပါးမှာ ခတ်ထားတာတွေ ပွင့်အောင် ခတ္တာပွင့်တွေ တင်ပြီး ဆုတောင်းတတ်တဲ့ ဦးလှအကြောင်း ပါရေးပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုတဲ့ "ခတ်တာပွင့်ချင် ခတ္တာတင်" ဆိုပြီး လှုံ့ဆော် စာတပုဒ်အဖြစ် စာဖတ်သူတွေက ယူဆကြပါတယ်။ အမေ လူထုဒေါ်အမာရဲ့ ၁၁၀ နှစ်မြောက်ဟာ ၂၀၂၅ နိုဝင်ဘာလ ၂၉ ရက်ပါ။ ဒီနေ့ရက်မှာ မြန်မာ့နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး တောင်းဆိုနေကြချိန်နဲ့လည်း တိုက်ဆိုင်နေသလို အမေပြောခဲ့သလို စစ်အာဏာရှင်ဟာ စေ့စပ်လို့ မရဘူးဆိုတာ သတိထားကြပါနော်။ အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး။ စစ်အာဏာရှင်တွေဆိုရင် ပိုဆိုးတာပေါ့။ ။

မောင်တူး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013