
ဒိုမီနီကန်နိုင်ငံမှာ အာဏာပိုင်တွေဟာ ပက်ဒရိုဘရန်းမြိုရှိ စစ်တပ်အဆောက်အအုံ တလုံးမှာ မူးယစ်ဆေးဝါး ၁,၆၅၈ ကီလိုဂရမ်ကို နိုဝင်ဘာ ၂၇ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသား မှုခင်းသိပ္ပံအင်စတီကျု (INACIF) က ထုတ်ပြန်ပါတယ်။
ကရစ်ဘီယံပင်လယ်ထဲရှိ ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ အနောက်တောင်ပိုင်း ပယ်ဒယ်နာလစ်စ် ပြည်နယ်မှာ အဓိက မူးယစ်ဆေးဝါး ဖမ်းဆီးမှု တခုကနေ ပြည်နယ်အများအပြားမှာ ကွင်းဆက် ဖမ်းဆီးမှု အမြောက်အမြား ဖြစ်ပေါ်ခဲ့တာပါ။
ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးအများစုမှာ ကိုကင်းဖြစ်ပြီး စုစုပေါင်း ၁,၅၄၄ ကီလိုဂရမ်၊ ၃၁၁ ဂရမ်နဲ့ ၈၃၈ မီလီဂရမ် ရှိပါတယ်။ ကျန်တဲ့အထဲမှာ ဆေးခြောက်အရွက်၊ ဆေးခြောက် အဆီခဲ၊ ကိုကင်းအခဲ ခရက်ခ်၊ ဓာတုမူးယစ်ဆေးဝါး အက်ခ်တက်စီနဲ့ မူးယစ်ဆေးဝါးလို့ သတ်မှတ်တဲ့ စာရင်းထဲမှာ မပါဝင်တဲ့ ပစ္စည်းတွေ ဖြစ်ကြောင်း INACIF ညွှန်ကြားရေးမှူး ဆိုနီဘာ လီဘရွန်က ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆသ်ရဲ့ နိုဝင်ဘာ ၂၆ ရက် ခရီးစဉ်ဟာ ဒိုမီနီကန်အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒကို မြှင့်တင်ပေးခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ အဖွဲ့အစည်းဆိုင်ရာ ရာဇ၀တ်မှုတွေကို တိုက်ဖျက်ရာမှာ နိုင်ငံတကာပူး ပေါင်းဆောင်ရွက်မှု ခိုင်မာလာမှုကို ထင်ဟပ်စေခဲ့တယ်လို့ DNCD ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး ဟိုဆေး မန်နျူရယ် ကာဘရယ်ရာ အူလ်ယိုအာက ပြောပါတယ်။
ဒိုမီနီကန်သမ္မတနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ မူးယစ်ဆေးဝါး ၄၄,၁၅၇ ကီလိုဂရမ်ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ညွှန်ကြားရေးမှူးရုံး (DNCD) ရဲ့ အဆိုအရ ၂၀၂၅ ခုနှစ်မှာ အခုချိန်ထိ ၂၈,၄၅၂ ကီလိုဂရမ်လောက်ကို ဖျက်ဆီးခဲ့ပြီးဖြစ်ပြီး အဲဒီပမာဏဟာ အရင်နှစ် စုစုပေါင်းရဲ့ ၆၄ ရာခိုင်နှုန်း လောက်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
Source: Reuters











