DVB Logo
Home
မြန်မာသတင်း
ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့များက မြန်မာစစ်တပ်ဆက်နွှယ်ကုမ္ပဏီ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံထား
DVB
·
November 28, 2025
ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့များက မြန်မာစစ်တပ်ဆက်နွှယ်ကုမ္ပဏီ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံထား
Donate to DVB

DVB

ဆွီဒင်နိုင်ငံက အမျိုးသားပင်စင်ရန်ပုံငွေအဖွဲ့တွေဖြစ်တဲ့ AP1၊ AP2၊ AP3၊ AP4 နဲ့ AP7 တို့က စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီ ၁၂ ခုမှာ အမေရိကန်ဒေါ်လာ ၄၈၄ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း Swedish Burma Committee၊ Justice For Myanmar နဲ့ Fair Finance Guide တို့ရဲ့ လေ့လာဆန်းစစ်ချက်အစီရင်ခံစာက ထုတ်ဖော်နိုင်ခဲ့ကြောင်း Justice For Myanmar က နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အစီရင်ခံစာအရ ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့ ရင်းနှီးမြှုပ်နှံထားသောကုမ္ပဏီတွေက မြန်မာစစ်တပ်ကို ပံ့ပိုးကူညီနေတဲ့ ကဏ္ဍ ၃ ခုအကြောင်းကို အလေးပေးဖော်ပြထားပြီး AP7 ကတော့ အကြီးမားဆုံးရင်းနှီးမြှုပ်နှံထားသူ ဖြစ်ကြောင်း ဖော်ပြထားတယ်လို့ JFM က ဆိုပါတယ်။

အဓိကကဏ္ဍ ၃ ခုကတော့ စစ်လက်နက်၊ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝင်ငွေတွေဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယကုမ္ပဏီ Bharat Electronics နဲ့ Hindustan Aeronautics ကုမ္ပဏီတို့က စစ်တပ်အတွက် စစ်လက်နက် နဲ့ စက်ပစ္စည်းကိရိယာတွေ ထောက်ပံ့ထားကြောင်း၊  ဂျပန်ကုမ္ပဏီ KDDI နဲ့  Sumitomo တို့က MPT နဲ့ မိတ်ဖက်အဖြစ် စီးပွားဖော်ဆောင်ခဲ့ကြပြီး စစ်တပ်က တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ခြေရာခံဖို့၊  ဖမ်းဆီး ပစ်မှတ်ထားဖို့အတွက်  တရုတ်နိုင်ငံထုတ် “အင်တာနက်ပိတ်ဆို့ရေးမဟာရံစနစ်” ဈေးကွက်ဗားရှင်းကို တပ်ဆင်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် ထိုင်းကုမ္ပဏီ PTT၊ PTTEPနဲ့ အိန္ဒိယကုမ္ပဏီ GAIL တို့က ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ အစိတ်အပိုင်းအဖြစ် ပါဝင်နေပြီး စစ်အုပ်စုအတွက်  အဓိကဘဏ္ဍာရေး အသက်သွေးကြောဖြစ်အဖြစ် ထောက်ပံ့နေတာလည်း ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် အဆိုပါကုမ္ပဏီတွေက စစ်တပ်ရဲ့ အပြစ်ပေးအရေးယူခံရခြင်းကင်းစွာ ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီနေတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာဖြစ်လို့ ဆွီဒင်ပင်စင် ရန်ပုံငွေအဖွဲ့တွေကို အဆိုပါ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရုတ်သိမ်းဖို့ JFM က ထုတ်ပြန်တောင်းဆိုပါတယ်။

Justice For Myanmar က “AP ရန်ပုံငွေအဖွဲ့များအနေဖြင့် မိမိတို့ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများအား စစ်အုပ်စုနှင့် ဆက်နွှယ်မှုများ ဖြတ်တောက်ရန်အတွက် ၄င်းတို့၏ ဩဇာအရှိန်အဝါအသုံးပြုရန်၊ ယင်းကုမ္ပဏီများက လိုက်နာမှုမရှိပါက ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကြံရာပါပတ်သက်မှုကို ရှောင်ရှားရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် ကျွန်ုပ်တို့တောင်းဆိုပါသည်” လို့ ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားပါတယ်။

စစ်တပ်က ရာဇဝတ်မှုတွေ၊ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ၊ လူအများအပြားကို နေရပ်စွန့်ခွာစေမှုတွေနဲ့ စနစ်တကျဖိနှိပ်မှုတွေကို ၅ နှစ်နီးပါးတိုင် အရှိန်မြှင့်ကျူးလွန်လျက်ရှိပြီး ဆွီဒင်ပြည်သူ့ပင်စင်ငွေတွေက စစ်တပ်ဆီကို စစ်လက်နက် ရောင်းချနေ၊ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာတွေ ကူညီပေးနေတဲ့ (စစ်တပ်ကို ဘဏ္ဍာငွေရင်းမြစ်များ ရှာဖွေပေးအပ်နေတဲ့) ကုမ္ပဏီတွေဆီ ဆက်လက်စီးဝင်နေဆဲဖြစ်ကြောင်း Justice For Myanmarက ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013