DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ကျောင်းသားများကို စစ်မှုထမ်းခိုင်းမည့်သတင်းကြောင့် မိဘများ စိုးရိမ်
DVB
·
October 13, 2026
Photo : DVB
Photo : DVB
Donate to DVB

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်တွေကို စစ်မှုထမ်း မဲနှိုက်ရွေးချယ်ရာမှာ မဲပေါက်တဲ့ တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ ပညာရေးကို ၂ နှစ်တာ ယာယီရပ်နားပြီး မဖြစ်မနေ စစ်မှုထမ်း ဆောင်ရမယ်လို့ ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့တွေက ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းတွေ ကြောင့် ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းသား မိဘတွေ စိုးရိမ်နေကြပါတယ်။

ခရိုင်အဆင့် အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လက စပြီး စစ်မှုထမ်းဆင့်ခေါ်ရေး စီမံခန့်ခွဲမှုတွေကို တိုက်ရိုက်လွှဲပြောင်းယူခဲ့ပြီးနောက် ကျောင်းသားတွေ အပါအဝင် မဲပေါက်သူ ဘယ်သူမဆို စစ်မှုထမ်းဆောင်တာကို ရွှေ့ဆိုင်းခွင့် ဒါမှမဟုတ် ကင်းလွတ်ခွင့်မပြုဖို့ တင်းကျပ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က ရပ်ကွက်တွေ တော်တော်များများမှာ မဲနှိုက်ရွေးချယ်တာမျိုး ဆိုတာထက် စစ်မှုထမ်း မပါအောင် ပိုက်ဆံပေးနေကြရတာ တော်တော်ကြာနေပြီ ဖြစ်သလို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေသာ များနေတာလို့ မြိုခံတွေက ပြောပါတယ်။

အခုလို တက္ကသိုလ်ကျောင်းသားတွေကို ပညာရေး ၂ နှစ် ယာယီရပ်နားမယ်ဆိုတဲ့ သတင်းကြောင့် ပိုက်ဆံပေးနေရပေမဲ့လည်း လမ်းမှာ ကျောင်းသွားရင်း ပေါ်တာဆွဲ ဖမ်းဆီးခံရမှာကို မိဘတွေက နေ့စဉ်နဲ့အမျှ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ကျောင်းသား မိဘတယောက်က “၁၈ နှစ်ပြည့်ပြီးသူတိုင်းက တလ ငါးသောင်း၊ ငါးသောင်းနဲ့ ၃၅ နှစ် မပြည့်မချင်း ပေးနေရမှာလေ။ အဲဒီငါးသောင်းက ၃၅ နှစ် မပြည့်မချင်းဆို အဲဒီလူတယောက်ရဲ့ တန်ဖိုးက ဘယ်လောက်ဖြစ်သွားမလဲ။ ကျောင်းသားမို့လို့ ဆိုပြီးတော့ မရတော့ဘူး။ ကျောင်းသားဆိုရင် ကျောင်းနားပြီး ၂ နှစ် စစ်မှုထမ်းရမယ်တဲ့။ သူတို့က လူအရမ်းလိုနေတော့ ပျောက်တာ ပျောက်တာ ရစရာမရှိဘူး။ ဆွဲတာပဲ။ ဒါတော့ အမေက တင်းကျပ်ထားပြီး အမေကိုယ်တိုင် လိုက်တယ်ဆိုရင်တော့ မပါဘူး။ သူတို့ဘာသာသူတို့ သွားတယ် လာတယ် ဆိုရင်တော့ သတိကတော့၊ သူတို့ မထင်ရင် မထင်သလို၊ အခုက အရပ်ဝတ်တွေ၊ အခုက ဘာကိုကြောက်ရလဲဆိုရင် အဲလိုလူတွေက ဟိုဟာလုပ်ပြီး ရောင်းစားတာပေါ့ကွာ။ သိတယ်မလား” လို့ ပြောပါတယ်။

ဒလမြို့က ဒေသခံတွေကလည်း မဲနှိုက်ရာမှာ မမျှတမှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ပိုက်ဆံရှိတဲ့အိမ်က လူငယ်တွေရဲ့ နာမည် မပါလို့ ရပ်ကွက်တချို့မှာ ပြဿနာတွေ တက်ကြတာ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမဲ့လည်း စစ်မှုထမ်းစာရင်းမပါအောင် လူဝယ်ဖို့ ပိုက်ဆံပေးကြရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒလမြို့ ဒေသခံတယောက်ကတော့ ရပ်ကွက်တချို့မှာ ပိုက်ဆံပိုပေးထားသူတွေက မဲနှိုက်ရမဲ့ စာရင်း ထဲ မပါလာတာတောင် ရှိတယ်လို့ ဆိုပါတယ်။

“ပိုက်ဆံပိုပေးထားတဲ့သူဆိုရင် မဲစာရင်းတောင် မပါဘူး။ လူဝယ်တယ် ဆိုတာလည်း ပေါ်တာဆွဲတာ ကို ပြောတာ လူကြားကောင်းအောင်။ ဒါပေမဲ့ ကိုယ့်ရပ်ကွက်မှာ ပိုက်ဆံပေးထားလို့ မပါပေမဲ့ တခြား ရပ်ကွက်မှာ ပေါ်တာဆွဲခံရပြီးလည်း ပါနိုင်တယ်လေ။”

နောက်ဆုံးနှစ် တက်ရောက်နေတဲ့ တက္ကသိုလ်ကျောင်းသားတယောက်ကလည်း ဒီလို သတင်းတွေ ထွက်လာတဲ့အတွက် စိတ်ပူနေပါတယ်။ သူလည်း ရပ်ကွက်ရုံးမှာ ပိုက်ဆံပေးထားရတယ်လို့ဆိုပြီး ကျောင်းပြီးရင် နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“အဲလို သတင်းကြားတယ်။ ကျနော်က ရပ်ကွက်ရုံးမှာ ပိုက်ဆံပေးထားရပါတယ်။ အခုက စာမေး ပွဲဖြေဖို့ပဲ ကျန်တော့တာ၊ ကျောင်းက ပြီးတော့မယ်ဗျ။ ကျနော် ကျောင်းပြီး ဘွဲ့ရပြီးတာနဲ့ ဂျပန်ကို အလုပ်နဲ့ သွားဖို့ပြင်မှာ၊ အဆင်ပြေမယ်လို့တော့ ထင်တာပါပဲဗျာ။”

စစ်မှုထမ်းအင်အားတွေ လိုအပ်နေတာကြောင့် စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် ငွေကြေး ကောက်ခံ တဲ့စနစ် ဖျက်သိမ်းတော့မယ်လို့ အုပ်ချုပ်ရေးမှူးတွေဆီက အသံတွေ ထွက်လာတယ်လို့လည်း ရန်ကုန်မြို့ ဒေသခံတွေက ဆိုပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်း လက်နက်ချတာနဲ့ ဖမ်းဆီးရမိတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ စစ်သား၊ ရဲနဲ့ ပြည်သူ့ စစ်မှုထမ်း စုစုပေါင်း ၂၂ ယောက် ရှိခဲ့ပြီး အဲဒီထဲ ၁၇ ယောက်ဟာ ပြည်သူ့စစ်မှုထမ်းတွေ ဖြစ်ကြ တယ်လို့ သိရပါတယ်။

လက်ရှိမှာ လူငယ်တွေကို အဓမ္မစုဆောင်း စစ်သင်တန်းပေးနေတာဟာ စစ်မှုထမ်း အပတ်စဉ် ၂၉ အထိ ရှိလာပြီ ဖြစ်ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013