
စစ်ကိုင်းတိုင်း၊ မူးတိမ်ပျူရွာကို ပြန်သူ့ကာကွယ်ရေးတပ်က နိုဝင်ဘာ ၂၈ ရက် မနက် အစောပိုင်း ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ မူးတိမ်ပျူရွာဟာ တန့်ဆည်မြို့နယ် အရှေ့မြှောက်ခြမ်းမှာ တည်ရှိပြီး စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ကျေးရွာဖြစ်တယ်လို့ ဆိုပါတယ်။
မူးတိမ်ရွာအနီး ဒေသခံတယောက်က “တိုက်ပွဲ ကျည်စ ပေါက်တာက မနက်ခင်း ၄ နာရီက စဖြစ်တာ။ နှစ်ဖက်ပစ်တဲ့ လက်နက်သံတွေက ဆူညံနေတာပဲ။ အတိုင်းသားကြားနေရတယ်။ တိုက်ပွဲတွင်း အသေးစိတ်ကတော့ ဘာမှမသိရသေးဘူး။ တိုက်ပွဲဖြစ်နေတုန်း မနက်ခင်းမှာ လေယာဉ်နဲ့ စစ်တပ်ဘက်က ပစ်ကူပေးတာတွေလည်း လုပ်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာ နေရာကို စစ်တပ်က မနက် ၈ နာရီ ကျော်လောက်မှာ ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တွေနဲ့ ဗုံးကြဲချသွားတယ်လို့ ဆိုပါတယ်။
တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “ချဉ်းကပ်တာက ည ၁၁ နာရီစပြီး အဲရွာကို ချဉ်းကပ်တာ။ စခန်းအပြည့်ဝ သိမ်းနိုင်တာက ၈ နာရီမှာ အပြည့်အဝသိမ်းနိုင်ခဲ့တာဗျ။ ကျနော်တို့ စခန်းသိမ်းပြီးမှ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာ တော့ ရှိတယ်။ ကြဲချသွားတဲ့ နေရာတွေကတော့ ကျနော်တို့ ရှိနိုင်မယ်ထင်တဲ့နေရာကို ကြဲတာလို့ပဲ ယူဆပါတယ်။ တိုက်ပွဲအတွင်း ရရှိလာတဲ့ လက်နက်တွေနဲ့ နှစ်ဖက် ထိခိုက်သေဆုံးစာရင်းကတော့ ဘာမှအတည်ပြုလို့ မရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါပျူရွာကို တန့်ဆည် ပကဖ၊ ရွှေဘိုခရိုင်တပ်ရင်း ၄၊ ၆၊ ၇၊ ၁၀၊ ၂၅ တို့ ပါဝင်တဲ့ တန့်ဆည်မြို့နယ် ပေါ်ဦးစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။










