
စစ်ကိုင်းတိုင်း တန့်ဆည်အချုပ်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နှစ်ရှည် နိုင်ငံရေးအကျဉ်းသူ ဒေါ်သက်သက်မာဟာ ဆေးကုသခွင့် မရရှိဘဲ မတ် ၂၇ ရက် မနက်မှာ အချုပ်ခန်းအတွင်း သေဆုံးသွားခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-မြန်မာနိုင်ငံ(PPNM) က ဒီကနေ့ မတ် ၃၀ မှာ ထုတ်ပြန်ပါတယ်။
အသက် ၅၄ နှစ်ရှိအရွယ် ဒေါ်သက်သက်မာဟာ သွေးလေးဘက်နာရောဂါ ပြင်းထန်နေပေမဲ့ ပြင်ပဆေးရုံတင်ခွင့်ကို ထောင်အာဏာပိုင်တွေက ပိတ်ပင်ထားခဲ့တာကြောင့် အချိန်မီကုသခွင့်မရဘဲ အသက်ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။
ဒေါ်သက်သက်မာကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ ၅၀(ည) နဲ့ ၅၂(က) တို့နဲ့ မတရားစွဲချက်တင်ကာ ထောင်ဒဏ် ၂၀ နှစ် အမိန့်ချမှတ်ခဲ့တာပါ။
ထောင်ဒဏ်ချမှတ်ပြီးနောက် ထောင်ပြောင်းရွှေ့ချိန်မှာ ကြားဖြတ်တိုက်ခိုက်၊ လုယက်ခံရမှာကို စိုးရိမ်လို့ ထောင်ပြောင်းရွှေ့ခြင်း မပြုဝံ့ဘဲ တန့်ဆည်အချုပ်မှာသာ ဒေါ်သက်သက်မာကို ထားရှိခဲ့တယ်လို့ PPNM က ဆိုပါတယ်။
ဒါ့ကြောင့် ဆေးကုသခွင့်မရဘဲ ဆုံးပါးသွားတာဖြစ်ပြီး ဆုံးပါးပြီးနောက်ပိုင်းမှာလည်း မိသားစုကို ဆက်သွယ်အသိပေးတာနောက်ကျခဲ့သလို ရုပ်အလောင်းကိုလည်း ပြန်မရခဲ့ဘူးလို့ PPNM က ထုတ်ပြန်ပါတယ်။
အခုလို အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုတွေ၊ ဆေးကုသခွင့် ပိတ်ပင်မှုတွေနဲ့ ဓားစာခံအဖြစ် ဖမ်းဆီးမှုတွေကို ပြင်းထန်စွာရှုတ်ချပြီး နိုင်ငံတကာက အလေးထားစောင့်ကြည့်ပေးဖို့ကိုလည်း PPNM က ထုတ်ပြန်တောင်းဆိုထားပါတယ်။








