
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ဩဂုတ် ၅ ရက်က စတင်ပြီး မူးဘောင်ကျိုးကျတာနဲ့ ချောင်းမြောင်းတွေ ရေကြီးရေလျှံခဲ့တာကြောင့် သေဆုံးသူနဲ့ ပျောက်ဆုံးနေသူ စုစုပေါင်း ၄ ယောက်အထိ ရှိတယ်လို့ သိရပါတယ်။
ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်နေသူတယောက်က “လတ်တလော စုစည်းရရှိတဲ့ သတင်းအချက်အလက်တွေအရ သေဆုံးတာက ၂ ဦး (အတည်ပြုပြီး) ရေစီးနဲ့မျောပါ ပျောက်ဆုံးနေတာက ၂ ဦး၊ စုစုပေါင်း ၄ ဦးရှိတယ်။ ဒါက ဆက်သွယ်ရေး လက်လှမ်းမီတဲ့ နေရာတွေက ရရှိတဲ့စာရင်းပါ။ ဆက်သွယ်ရေးခက်ခဲတဲ့ နေရာတွေမှာလည်း ရှိကောင်းရှိနိုင်ပါသေးတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၆ ရက်မှာ သာဂေါင်ကြီးကျေးရွာက အသက် ၇၃ နှစ်အရွယ် အဘွားအိုတယောက် ရေလှိုင်းရိုက်ပုတ်ခံရကာ ထိတ်လန့်သေဆုံးခဲ့ပြီး စင်းသင်းကျေးရွာက အသက် ၆၆ နှစ်အရွယ် အမျိုးသားတယောက် ချောင်းဖြတ်ကူးစဉ် ရေစီးနဲ့အတူ မျောပါသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဩဂုတ် ၇ ရက်မှာ ရွှေလှန်ကျေးရွာက အသက် ၂၇ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အက်တော်ကျေးရွာက အသက် ၆၅ နှစ်အရွယ် အမျိုးသားတယောက်တို့လည်း ရေစီးနဲ့အတူ မျောပါ ပျောက်ဆုံးသွားခဲ့ရာ လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
ရေကြီးရေလျှံမှုကြောင့် တန့်ဆည်မြို့နယ်အတွင်းက ပေါင်းကဒေါင်း ချောင်းကူးတံတားနဲ့ စည်တုံးလုံး ချောင်းကူးတံတားတို့အပြင် ရေလွှမ်းကျေးရွာ ၄၀ ရှိတဲ့အနက် တန့်ဆည်အရှေ့ပိုင်းက ငတန်း၊ အက်တော၊ သဲကုန်း၊ ညံသာ၊ တုတ္တလုပ်၊ သောင်သုခ၊ ဗျက်ကြီး၊ တပ်သစ်၊ ရွှေလှန် စတဲ့ ကျေးရွာတွေနဲ့ တန့်ဆည်မြောက်ပိုင်းက ကမ်းဖြူ၊ ဝက်တိုး၊ သာပေါင်ကြီး စတဲ့ ကျေးရွာ ၁၂ ရွာဟာ ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။










