DVB Logo
Home
အားကစား
ပေါ်တူဂီအသင်း ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆု ပထမဆုံးအကြိမ် ဆွတ်ခူး
DVB
·
November 28, 2025
ပေါ်တူဂီအသင်း ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆု ပထမဆုံးအကြိမ် ဆွတ်ခူး
Donate to DVB

ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ နိုဝင်ဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပေါ်တူဂီလူငယ်အသင်းက  ဩစတြီးယားအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး ပထမဆုံးအကြိမ် ချန်ပီယံဖြစ်သွားပါတယ်။

ခါလီဖာအပြည်ပြည်ဆိုင်ရာအားကစားကွင်းမှာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ ပေါ်တူဂီလူငယ်အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ရှေ့တန်းကစားသမား အနီဆို ကာဘရယ်လ်က  ပွဲချိန် ၃၂ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မော်ရိုဖာတာဒိုရဲ့ ဘောလုံးအရှည်ပေးပို့မှုကနေ ဒွာတေးကွန်ညာဆီကို ရောက်သွားပြီး၊ သူက မာတီရက်စ်မိုက်ဒ်နဲ့ တချက်ထိ ကစားပြီးနောက် ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ပါတယ်။ အဲဒီဘောလုံးကို ကာဘရယ်လ်က လူကျွံဘောအနေအထားကနေ လွတ်မြောက်ပြီး အနီးကပ်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီသွင်းဂိုးကို ဩစတြီးယားနည်းပြက VAR အကူဒိုင်လူကြီးစနစ်နဲ့ ပြန်လည်စစ်ဆေးဖို့ တောင်းဆိုခဲ့ပေမဲ့ ကွင်းလယ်ဒိုင်က ဂိုးအဖြစ် အတည်ပြုပေးခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ ပေါ်တူဂီအသင်းအတွက် ပထမဆုံးအကြိမ်ရရှိတဲ့ ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆု ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၄၈ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒီပြိုင်ပွဲရဲ့ ထိပ်ဆုံး ၃ နေရာကို ဥရောပအသင်းတွေကပဲ ရယူခဲ့ကြတာကို တွေ့ရပါတယ်။ 

ဒီအောင်မြင်မှုဟာ လွန်ခဲ့တဲ့ ၆ လလောက်က အယ်လ်ဘေးနီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၅ UEFA ယူ-၁၇ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ပေါ်တူဂီလူငယ်အသင်းအတွက် နောက်ထပ်အောင်မြင်မှုတခု ဖြစ်ပါတယ်။

ဗိုလ်လုပွဲမတိုင်ခင် ဒိုဟာမြို့မှာပဲ ကျင်းပခဲ့တဲ့ တတိယနေရာလုပွဲမှာတော့ အီတလီအသင်းက ဘရာဇီးလ်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။

ပွဲချိန်အတွင်း တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်နဲ့ ဆုံးဖြတ်ခဲ့ရာမှာ အီတလီဂိုးသမား အလက်စ်ဆန်ဒရို လွန်ဂိုနီက ပင်နယ်တီ ၂ လုံးကို ကာကွယ်နိုင်ခဲ့ပြီး အီတလီအသင်းက ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

Source: TSN/EuroNews/ Portugoal

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013