DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်အစိုးရ၏ ဘတ်ဂျက်အသစ်က ရွေးကောက်ပွဲကတိကို ချိုးဖောက်ရာရောက်
DVB
·
November 27, 2025
ဗြိတိန်အစိုးရ၏ ဘတ်ဂျက်အသစ်က ရွေးကောက်ပွဲကတိကို ချိုးဖောက်ရာရောက်
Donate to DVB

ဗြိတိန်အစိုးရရဲ့  နောက်ဆုံးဘတ်ဂျက် အစီအမံတွေကို နိုဝင်ဘာ ၂၆ ရက်က ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရိဗ် ကိုယ်တိုင် ကြေညာသွားခဲ့ပြီး အခွန်တိုးမြှင့်ကောက်ခံမှုတွေ ပါဝင်လာခဲ့ပါတယ်။ 

အဲဒီအစီအစဉ်အရ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ပြည်သူ့ဘဏ္ဍာငွေ ပေါင် ၂၆ ဒသမ ၁ ဘီလီယံ ရလာနိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ လာမယ့် ၂၀၃၁ ခုနှစ်အထိ အခွန်ပေးဆောင်ရမယ့် ဝင်ငွေသတ်မှတ်ချက်က အပြောင်းအလဲ မရှိပေမဲ့ ငွေကြေးဖောင်းပွမှုနဲ့အတူ လုပ်ခလစာ တိုးလာတာနဲ့အမျှ ပိုမိုမြင့်မားတဲ့ အခွန်နှုန်းထားကို ပေးဆောင်ရတော့မှာပါ။ 

ရိဗ်က “လူနေမှုစရိတ် လျှော့ချပေးမယ်လို့ ဆိုထားတဲ့အတိုင်း တကယ်လုပ်မှာပါ။ ဒီဘတ်ဂျက်ဟာ ငွေကြေးဖောင်းပွမှု လျှော့ချပေးနိုင်ပြီး မိသားစုတွေအတွက် ချက်ချင်းသက်သာရာ ရစေနိုင်ပါတယ်။ ချေးငွေတွေနဲ့ ကြွေးမြီကိုပါ လျော့ကျစေရမယ်လို့ ပြောထားတဲ့အတိုင်းလည်း တကယ်လုပ်ဆောင်သွားမှာပါ” လို့ မှတ်ချက်ပြုပါတယ်။ 

အခုလိုမျိုး အခွန်တိုးမြှင့်ရေး ဘတ်ဂျက်အကြောင်း တင်ပြပြီးတဲ့နောက် “သာမန်ပြည်သူတွေ နည်းနည်းပိုပြီး ပေးဆောင်ရပါလိမ့်မယ်၊ အယောက်စီတိုင်းကို ပါဝင်ကူညီပေးဖို့ တောင်းဆိုနေတာပါ” လို့ ဘဏ္ဍာရေးဝန်ကြီးက ဖြည့်စွက်ပြောပါတယ်။

ဒါဟာ အလုပ်သမားလူတန်းစားအတွက် ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့အလျောက် အာဏာရ-လေဘာပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းထဲက ကတိပေးထားတဲ့ အချက်တခုကို ချိုးဖောက်ရာ ရောက်ပါတယ်။ 

ဒါပေမဲ့ ရိဗ်က ချမ်းသာကြွယ်ဝသူတွေကိုပါ ပစ်မှတ်ထားပြီး ပေါင် ၂ သန်းနဲ့အထက် တန်ကြေးရှိတဲ့ အိမ်ခြံမြေအပေါ်  “စံအိမ်ခွန်” ကောက်ခံသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဓာတ်ဆီနဲ့ ဒီဇယ်လိုမျိုး လောင်စာအခွန် ကောက်ခံနေတဲ့အတိုင်း တပြေးတည်းဖြစ်အောင် လျှပ်စစ်ကားတွေအတွက်ပါ အခွန်တိုးချဲ့သွားဖို့ရှိနေပါတယ်။ 

ဒါကြောင့် EV လျှပ်စစ် ကားတွေက ၁ မိုင်ကို ၃ ပဲနိနဲ့ နှစ်မျိုးစပ်-ဟိုက်ဘရစ် လျှပ်စစ်ကားတွေဆိုရင် ၁ ဒသမ ၅ ပဲနိ ကျသင့်မှာဖြစ်ကြောင်း သိရပါတယ်။ အဲဒီကနေ လမ်းပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကို နှစ်ဆတိုးစေနိုင်သလို လျှပ်စစ်ကား အားသွင်းတဲ့နေရာတွေ ချဲ့ထွင်နိုင်မယ့် ပေါင် သန်း ၂၀၀ ထပ်ထွက်လာမယ်လို့လည်း ဖော်ပြထားပါတယ်။ 

ဒီနှစ်အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ YouGov သုတေသအဖွဲ့ကြီးရဲ့ စစ်တမ်းအရတော့ အခုချက်ချင်းသာ ရွေးကောက်ပွဲတခု ကျင်းပနိုင်မယ်ဆိုရင် Reform UK လက်ယာစွန်းပါတီက အာဏာရလာနိုင်တယ်ဆိုတဲ့ အချက်ကို ထောက်ပြထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013