DVB Logo
Home
နိုင်ငံတကာ
အာဂျင်တီးနားတွင် သိပ္ပံနှင့် တက္ကသိုလ်ကဏ္ဍ ဘတ်ဂျက်ဖြတ်ခံရသဖြင့် သိပ္ပံပညာရှင်များ ဆန္ဒပြ
DVB
·
August 13, 2026
Photo: REUTERS/Agustin Marcarian
Photo: REUTERS/Agustin Marcarian
Donate to DVB

အာဂျင်တီးနားနိုင်ငံမှာ ၂၀၂၃ နှစ်ကုန်ပိုင်းက သမ္မတ ဟားဗီးယားမီလေ့ အစိုးရ တက်လာပြီးနောက်ပိုင်း သိပ္ပံနဲ့ တက္ကသိုလ်ကဏ္ဍ ဘတ်ဂျက် ၅၀ ဒသမ ၂ ရာခိုင်နှုန်းအထိ ဖြတ်တောက်ခံရလို့ အာဂျင်တီးနား သိပ္ပံပညာရှင်တွေဟာ ဩဂုတ် ၁၂ ရက်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြဖို့ တောင်းဆိုလိုက်ကြပါတယ်။

ဒီလို လျှော့ချမှုကြောင့် ဘတ်ဂျက်ဟာ GDP ရဲ့ ၀ ဒသမ ၁၄ ရာခိုင်နှုန်းပဲ ကျန်တော့ပြီး အိမ်နီးချင်း ဘရာဇီးနဲ့ ဥရုဂွေးတို့ရဲ့ ၁ ရာခိုင်နှုန်းဝန်းကျင် ရင်းနှီးမြှုပ်နှံမှုထက် အများကြီး နည်းပါးသွားတာပါ။

ဒီအစီအစဉ်ဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ခဲ့ပေမဲ့ ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းနဲ့ မီလေ့ရဲ့ ရေပန်းစားမှုကိုတော့ ထိခိုက်စေခဲ့ပါတယ်။

နိုဘယ်လ်ဆုရှင် ၅ ယောက် မွေးထုတ်ပေးထားတဲ့ အာဂျင်တီးနားအတွက် နိုဘယ်လ်ဆုရှင် ၂၄ ယောက် အပါအဝင် ပြည်ပ ပညာရှင်တွေက သိပ္ပံစနစ်ဟာ အန္တရာယ်ရှိတဲ့ ချောက်ကမ်းပါးဆီ ဦးတည်နေတယ်လို့ သတိပေးထားသလို ဝန်ထမ်း ၆,၀၀၀ နီးပါး (တရက် ၈ ယောက်နှုန်း) ထွက်ခွာရလို့ “ဦးနှောက်ယိုစီးမှု” ဖြစ်ပေါ်နေတယ်လို့လည်း ဆိုပါတယ်။

လာပလာတာ တက္ကသိုလ်မှ နာမည်ကြီး သုတေသီမာတင်ရွမ်းဘိုက လုပ်သက် နှစ် ၃၀ အတွင်း ဒါဟာ အဆိုးရွားဆုံးဖြစ်ပြီး ပင်မထောက်ပံ့ရေးအေဂျင်စီ ဖျက်သိမ်းခံရကာ CONICET သုတေသနကောင်စီမှာလည်း ဝန်ထမ်းသစ် မခေါ်တော့လို့ ပင်မဒေါက်တိုင်နှစ်ခုလုံး ပြိုလဲနေတယ်လို့ ဆိုပါတယ်။

အမျိုးသား အဏုမြူစွမ်းအင်ကော်မရှင် ဥက္ကဋ္ဌဟောင်း အက်ဒရီယာနာ ဆာကွစ် ကလည်း ကိုဗစ် ကာကွယ်ဆေး မြန်မြန်ထုတ်နိုင်စွမ်းနဲ့ ရေဒါ၊ ဂြိုဟ်တု၊ နျူကလီးယား နည်းပညာစနစ် တခုလုံးပါ ဖျက်ဆီးခံနေရတယ်လို့ သတိပေးထားပါတယ်။

တက္ကသိုလ်တွေကလည်း ဘတ်ဂျက်ပြန်ရဖို့ ၂၄ နာရီ သပိတ်မှောက်ခဲ့ပြီး ဩဂုတ်လတလျှောက် ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမှာပါ။

ဗျူနိုအေးရိစ် တက္ကသိုလ်များအဖွဲ့ချုပ်မှ ဟော်ရ်ဟဲ အန်ရိုက ဒါဟာ ဒီမိုကရေစီခေတ်အတွင်း အဆိုးရွားဆုံး လစာကျဆင်းမှုဖြစ်ပြီး ဝယ်ယူနိုင်စွမ်း ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသလို ကျောင်းသား ပညာသင်ဆုတွေဟာလည်း ဘတ်စ်ကားခတောင် မလောက်တော့ဘူးလို့ ပြောဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013