
“လူ့အသက်ထက် အရေးကြီးတာမရှိ” လို့ ကြွေးကြော်နေတဲ့ စစ်အာဏာရှင်အစိုးရရဲ့ ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ်ဟာ ၃ ရာခိုင်နှုန်းတောင် မပြည့်တာကြောင့် မြေပြင်လိုအပ်ချက်တွေနဲ့ ကွာဟမှု ရှိနေပါတယ်။
“လူ့အသက်ထက် အရေးကြီးတာမရှိ” ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျန်းမာရေးကဏ္ဍကို အရှိန်အဟုန်နဲ့ တိုးတက်နိုင်အောင် ဆောင်ရွက်ပေးနေကြောင်း စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြည်သူ့ဆေးရုံကြီးတွေကိုလည်း အဆင်မြှင့်တင်နေကြောင်း ပြောဆိုခဲ့ပေမဲ့ အစိုးရ ကျန်းမာရေး အသုံးစရိတ်ဟာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ကနေ အခု ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အထိ တနိုင်ငံလုံး အသုံးစရိတ်ရဲ့ ၃ ရာခိုင်နှုန်းတောင် မပြည့်တာကိုလည်း တွေ့ရှိရပါတယ်။
World Bank ရဲ့ Myanmar Fiscal Monitoring အစီရင်ခံစာအရ စစ်အာဏာရှင်လက်ထက် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရဲ့ ကျန်းမာရေးအသုံးစရိတ်မှာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ချိန် ကာကွယ်ရေးအသုံးစရိတ်က အစိုးရအသုံးစရိတ် စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း သိရပါတယ်။
မကြာသေးခင်က ခွဲစိတ်မှုတခုနဲ့ ပြည်သူ့ဆေးရုံကြီး တက်ရောက်ခဲ့တဲ့ လူနာတယောက်ကလည်း ဆေးရုံတက်ခဲ့စဉ် ကုန်ကျခဲ့ရတဲ့ ဆေးကုသစရိတ်တွေအကြောင်း ပြန်ပြောပြပါတယ်။
“ကျီးပေါင်းဖြစ်လို့ တက်ရတာ။ ပြည်သူ့အစိုးရ အချိန်ဆိုတော့ အဲဒီတုန်းကတော့ ဆေးရုံမှာ ဝန်ထမ်းဆိုလို့ရှိရင်လည်း လိုလေသေးမရှိ၊ ဝန်ထမ်းတွေလည်း အပြည့်အစုံရှိတယ်၊ ဆရာဝန်လည်း လုံလုံလောက်လောက် ရှိတယ်။ သောက်ဆေး၊ ထိုးဆေးကအစ အကုန်လုံး အခမဲ့ ပြည့်စုံတယ်ပေါ့နော်။ စစ်အစိုးရလက်ထက် ရောက်တဲ့အခါမှာ တခါပြန်ပြီးတော့ ဆေးရုံတခါ ပြန်တက်ရတယ်။ အကုန်လုံး အစစ အရာရာ အသေးစိတ် လက်အိတ်ကအစ ထိုးဆေး၊ သောက်ဆေး အကုန်လုံး ပိုးသတ်ဆေးကအစ အကုန်လုံး လိုလေသေးမရှိ ကိုယ့်ဘာသာကိုယ် ကိုယ့်စရိတ်နဲ့ကိုယ် ဝယ်ရတယ်။ ရခဲ့တာ ဘာတခုမှ မရှိဘူး။ ဆေးရုံမှာ မရှိတာကတော့ ဆရာဝန်နဲ့ ဆေး မရှိတာဘဲ။ ထိုးဆေး ထိုးပြီးပြီ ဆိုလို့ရှိရင် ဘယ်လောက်ကျတယ်ဆိုပြီး လာပြီး တန်းတောင်းတာပဲ။ ဆေးရုံဆိုတာက မရှိလို့ သွားကြတာလေ။ သွားမယ်လို့ ဆုံးဖြတ်လိုက်လို့ရှိရင် ဆေးရုံက အပြင်ဆေးရုံ အထူးကုဆေးခန်းလောက် နီးပါးကို သူက ကုန်ကျစရိတ်က များတယ်။”
သဘာဝဘေးတွေကြောင့် ပျက်စီးခဲ့ရတဲ့ ဆေးရုံ ဆေးခန်းတွေကို ပြန်လည်ထူထောင်ပေးနေပြီး နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းကာ လူနာပေါင်း တသိန်းအထိကို နှလုံးရောဂါစစ်ဆေးမှု ပြုလုပ်ပေးခဲ့ကြောင်းလည်း ထည့်ပြောခဲ့ပါတယ်။
လက်တွေ့မှာတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တဲ့ ပြည်သူတွေ အများစုက ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုအပေါ် ယုံကြည်မှုမရှိကြောင်း မန္တလေးမြို့ ဒေသခံတယောက်က ပြောပါတယ်။
“လက်ရှိမှာ ကျနော်တို့လို ပြည်သူတွေကတော့ ဆေးရုံကြီးလို ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုမျိုးကို ရယူဖို့ စိတ်ကူးမရှိပါဘူး။ ကျနော်ကိုယ်တိုင်တောင် တခုခုဖြစ်ပြီဆိုရင်လည်း နီးစပ်ရာ ဂျီပီ (GP) ကို အရင်သွားတယ်။ ဂျီပီကနေ လိုအပ်လို့ ညွှန်တော့မှသာ အထူးကုဆေးရုံ၊ ဆေးခန်းလိုမျိုးကို သွားတယ်ပေါ့လေ။ ဘာကြောင့်မသွားလဲဆိုတော့ ယုံကြည်မှု အားနည်းသွားလို့ပေါ့။ မန္တလေးက ဒေသခံအများစုကလည်း ဒီဆေးရုံကြီးလို စရိတ်မျှပေးနေရတဲ့ ကျန်းမာရေးဝန်ဆောင်မှုမျိုးကို ဘာလို့ မရွေးချယ်တာလဲဆိုတော့ ကျနော့်လိုပဲ Boycott သဘောရယ်၊ ယုံကြည်မှု အားနည်းလို့ရယ်ကြောင့်ပဲ ဖြစ်မှာပါ။ လုံးဝမရှိတဲ့သူ လုံးဝမသွားမဖြစ်တဲ့သူပဲ သွားတာပါ။ ကျန်တဲ့သူတွေကတော့ လုံးဝသွားမှာ မဟုတ်ပါဘူး။”
မြို့ပြနဲ့ ကျေးလက်မကျန် ပြည်သူအားလုံး လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage-UHC) လုပ်ဆောင်မယ်လို့ စစ်အာဏာရှင်သမ္မတ ပြောဆိုခဲ့ပေမဲ့ လက်တွေ့မှာတော့ အခြေခံ ကျန်းမာရေးဝန်ဆောင်မှု အရေးပေါ်လိုအပ်နေတဲ့ မြန်မာလူဦးရေ ၉ ဒသမ ၃ သန်း ရှိတယ်လို့ WHO က ဖော်ပြထားပါတယ်။










