
စစ်ကိုင်းတိုင်း ကသာမြို့က အရပ်သားကား အစီး ၄၀ ဝန်းကျင်ကို မြစ်ကြီးနားဘက် ဦးတည်နေတဲ့ စစ်အာဏာရှင်ယာဉ်တန်းက ချောဆွဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကသာ-ထီးချိုင့် အမှတ် ၃ ကားလမ်းကို ပြည်သူတွေအသုံးမပြုဖို့ ကသာခရိုင် အမှတ် ၁ တပ်ရင်းက တားမြစ်ချက် ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့မှာ မန္တလေးမြို့ကနေ ထွက်ခွာလာတဲ့ ကားအစီးရေ ၁၃၀ ကျော်ပါတဲ့ စစ်ယာဉ်တန်းဟာ အောက်တိုဘာ ၁၁ ရက်နေ့မှာ ထီးချိုင့်ဘက်ကနေ ရင်ကွဲတောင်လမ်းအတိုင်း ကသာဘက်ကို ဆက်တက်ခဲ့ပြီး ၁၂ ရက်နေ့ ညပိုင်းမှာ မိုးညှင်းမြို့ထဲကို ရောက်နေပြီလို့ ဒေသခံတွေက အတည်ပြုပါတယ်။
အောက်တိုဘာ ၁၁ ရက် ကသာမြို့အဝင်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ကြားဖြတ် တိုက်ခိုက်တာကြောင့် ဒရုန်းတွေတင်ထားတဲ့ ကား ၂ စီး မီးလောင်ပျက်စီးခဲ့ပါတယ်။
တိုက်ခိုက်မှုအပြီး မကြာခင်မှာပဲ ကသာ-ထီးချိုင့် အမှတ် ၃ ကားလမ်းကို ပြည်သူတွေ အသုံးမပြုဖို့ ကသာခရိုင် အမှတ် ၁ တပ်ရင်းက တားမြစ်ချက် ထုတ်ပြန်ခဲ့ပါတယ်။
ကသာဒေသခံတယောက်က “၁၁ ရက်နေ့ မနက် ၇ နာရီလောက်ကစပြီး ထီးချိုင့်မြို့ထဲကိုဝင်တာ၊ ထီးချိုင့်ကနေ ကသာဘက်ကို တန်းလာခဲ့တဲ့ သဘောရှိတယ်။ အဲဒါပြီးတော့ မြစ်ကြီးနားတက်တယ် ပြောတယ်။ မြစ်ကြီးနားတက်တဲ့ထဲမှာလည်း အရပ်သားကားတွေ ချောဆွဲခံရတာ ၄၀ လောက် ပါသွားတယ်တဲ့၊ ပစ္စည်းတွေကို ချောဆွဲပြီးတော့ သယ်သွားတယ်လို့ ပြောတာပဲ” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့အထိ ဦးတည်နေပေမဲ့ ထီးချိုင့်-ကသာ ကြားလမ်းပိုင်းနေရာနဲ့ ကသာ-အင်းတော်အကြား မဲဇာအရပ် တိုက်ပွဲနေရာတွေကိုပါ လက်နက်နဲ့ရိက္ခာ တခါတည်း ထောက်ပို့ဖို့ စစ်အာဏာရှင်က အခုယာဉ်တန်းကို စေလွှတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။
ယာဉ်တန်းကနေ ထီးချိုင့်မြို့ထဲမှာ အင်အားဖြည့်တင်းမှုတွေ ထပ်မံပြုလုပ်ခဲ့ပြီး တကောင်း နီကယ်စီမံကိန်း ပြန်လည်ပတ်နိုင်ဖို့ အားစိုက်နေတယ်လို့ ဆိုပါတယ်။
ထီးချိုင့်ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “အင်းတော်-မဲဇာမှာ ထိတွေ့မှုတွေ ဖြစ်နေတယ်ဆိုတော့ ကျနော့်အထင်က အခုယာဉ်တန်းက အင်းတော်ဘက်ကို အင်အားပို့ဖို့လို့ထင်တယ်။ ထီးချိုင့်က မြို့ထဲကို အင်အားထပ်ဖြည့်ထားပါတယ်။ သူတို့ ဒီအချိန်လောက်ဆိုရင်တော့ ပြန်လည် လည်ပတ်ဖို့အတွက် ဝန်ထမ်းတွေခေါ်တာ၊ စက်တွေပြင်ဆင်တာတို့တော့ လုပ်နေလောက်ပါပြီ” လို့ ပြောပါတယ်။
ဩဂုတ်လကုန်နဲ့ စက်တင်ဘာ တိုက်ပွဲတွေအတွင်း ရွှေကူ-ဗန်းမော်ကြား ရေကြောင်းတိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ် သင်္ဘောအစင်း ၂၀ ဝန်းကျင်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၁၀၀ ကျော် စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တာပါ။
လက်ကျန်သင်္ဘောတချို့ ဗန်းမော်အထိ တက်နိုင်ခဲ့တဲ့အတွက် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းနိုင်ခဲ့ပြီး ဗန်းမော်မြို့မှာ တိုက်ပွဲဆက်ဝင်နေတာ ဖြစ်ပါတယ်။
လတ်တလော စစ်အာဏာရှင်ယာဉ်တန်းကတော့ မိုးညှင်းကနေတဆင့် မြစ်ကြီးနားမြို့ကို ဦးတည်နေတာဖြစ်ပြီး စစ်ကိုင်းအစပ်ကနေ ကချင်ပြည်နယ်အထိ နယ်မြေစိုးမိုးရေးအတွက် စစ်အာဏာရှင်က ဖိအားပေးနေတာ ဖြစ်ပါတယ်။











