DVB Logo
Home
မြန်မာသတင်း
ဖားကန့်တိုက်ပွဲတွင် စစ်တပ်အရာရှိအပါအဝင် သုံ့ပန်းအချို့ KIA ဖမ်းမိ
DVB
·
November 26, 2025
ဖားကန့်တိုက်ပွဲတွင် စစ်တပ်အရာရှိအပါအဝင် သုံ့ပန်းအချို့ KIA ဖမ်းမိ
Donate to DVB

ဖားကန့်မြို့နယ်ထဲ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆန်းကြွယ်ကျေးရွာ၊ ညောင်ပင်ကုန်းနဲ့ ကုဋေမှော်တွေဘက်ကို နိုင်ဝင်ဘာ ၂၅ ရက်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကြောင်းမှူးအဆင့် အရာရှိတယောက်အပါအဝင် စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းမှူးအဆင့် အရာရှိတယောက်နဲ့ တချို့ ဖမ်းမိရတာရှိတယ်။ အင်အား ၁၀၀ လောက် မနေ့ညက စစ်ကြောင်းထိုးလာလို့ ကျနော်တို့ဘက်က ခုခံတိုက်ခိုက်ခဲ့တာ။ ဆန်းကြွယ် ညောင်ပင်ကုန်း ကုဋေမှော် အဲ့ဘက်တွေကို ထိုးလာတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေ ရှိတော့ ပြန်ဆုတ်သွားတယ်။”

စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ ၂၅ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကုဋေမှော်နဲ့ လုံးခင်းကျေးရွာတွေဘက်တွေကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်က နိုဝင်ဘာ ၂၅ ရက်နေ့က လက်နက်ကြီး ဒရုန်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်နဲ့ ကုဋေမှော်မီးသတ်ရုံး ထိမှန်ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူလည်း ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ညတုန်းက ပစ်တာက ကုဋေမှော်သင်းအုပ်ဆရာတယောက်အိမ် ထိခိုက်ပျက်စီးသွားတယ်။ နောက်ပြီး ကုဋေမှော် မီးသတ်ရုံးလည်း လက်နက်ကြီးထိတယ်၊ မီးသတ်ဝန်ထမ်းတယောက် လက်နက်ကြီးစထိမှန် ဒဏ်ရာရလို့ ဆေးရုံပို့ထားတယ်။ တိုက်ပွဲရှိရှိ မရှိရှိ နေ့တိုင်း လက်နက်ကြီးသံကတော့ တဒုန်းဒုန်းပဲ။ ပြည်သူတွေကတော့ လက်နက်ကြီးသံကြားရင် လန့်နေပြီ။”

နိုဝင်ဘာ ၉ ရက်က စတင်ပြီး ဖားကန့် လုံးခင်းနဲ့ မှော်ဆီစာ ကျေးရွာတလျှောက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာကြောင့် နှစ်ဖက် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာပါ။

ဖားကန့်မှာ စစ်ကောင်စီ စစ်ကြောင်း ထပ်မံဝင်ရောက်လာတဲ့ အခုအပတ်အတွင်းမှာပဲ တိုက်ပွဲမဖြစ်တဲ့ ကျေးရွာ ရပ်ကွက်တွေဘက်ကို ဦးတည်ပြီး လေကြောင်းအပြင် လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးတာတွေ ဆက်တိုက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကလည်း Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ကလေးငယ်အပါအဝင် အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၃ ရက် မွးန်တည့် ၁၂ နာရီလောက်မှာလည်း ဖားကန့် ဗျူဟာကုန်းကနေ လုံးခင်းအုပ်စု တောမှော်အတက်လမ်း ကုဋေမှော်၊ မားဆားဘက်ကို လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တယောက် ထပ်မံသေဆုံးခဲ့ပါတယ်။

စစ်တပ်ဘက်က ပြန်ပြီးနေရာယူထားတဲ့ လုံးခင်း၊ မှော်ဆီစာ၊ နမ့်မဖြစ်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စတဲ့နေရာတွေကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ဖို့အတွက် နိုဝင်ဘာ ၆ ရက်နေ့မှာ ဖားကန့် ကားမိုင်း–နန့်ယားလမ်းပိုင်းကနေ ရဲတပ်သားတွေအပါအဝင် စစ်ကြောင်းထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013