DVB Logo
Home
နိုင်ငံတကာ
တရားမဝင်အမိန့်များ ငြင်းဆန်ရန် စစ်တပ်ကို ဒီမိုကရက်အမတ်များက ပြောခဲ့သည့်ကိစ္စ FBI စုံစမ်း 
DVB
·
November 26, 2025
တရားမဝင်အမိန့်များ ငြင်းဆန်ရန် စစ်တပ်ကို ဒီမိုကရက်အမတ်များက ပြောခဲ့သည့်ကိစ္စ FBI စုံစမ်း 
Donate to DVB

တရားမဝင်အမိန့်တွေကို ငြင်းဆန်ရမယ်လို့ အမေရိကန်စစ်သားတွေကို ပြောဆိုခဲ့တဲ့ အမေရိကန် ဒီမိုကရက်အမတ် ၆ ယောက်နဲ့ အင်တာဗျူးတွေကို အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI)က တောင်းဆိုခဲ့တယ်လို့ တရားရေးဌာန အရာရှိက ရိုက်တာသတင်းဌာနကို နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

လူမှုမီဒီယာမှာ "ပုန်ကန်လှုံ့ဆော်ရေး" လုပ်ရပ်တွေအဖြစ် ကာကွယ်ရေးဝန်ကြီး ပိ(ထ်) ဟဂ်ဆသ်က ဖော်ပြခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပင်တဂွန်က ဥပဒေပြုအမတ် ၆ ယောက်ထဲက တယောက်ဖြစ်တဲ့ ရေတပ်စစ်မှုထမ်းဟောင်း အထက်လွှတ်တော်အမတ် မာ့ခ်ကယ်လီကို တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်ယူပြီး စစ်ဘက်ဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်ရနိုင်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် တရက်အကြာမှာပဲ FBI က တောင်းဆိုခဲ့တာပါ။ 

အမည်မဖော်လိုသူ တရားရေးဌာနမှ အရာရှိတယောက်ကတော့ အင်တာဗျူးတွေဟာ အမှားအယွင်း တစုံတရာ ရှိ၊ မရှိကို ဆုံးဖြတ်ပြီးတော့ နောက်ထပ်အဆင့်တွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

FBI ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကယ်လီက ပင်တဂွန်ရဲ့ ခြိမ်းခြောက်မှုကို ခြောက်လှန့်တဲ့ နည်းဗျူဟာ တခုအဖြစ် ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာ မှတ်ချက်တွေပေးခဲ့တဲ့ တခြားဥပဒေပြုအမတ်တွေထဲမှာ CIA လေ့လာသုံးသပ်သူနဲ့ အီရတ်စစ်ပြန်ဟောင်း အထက်လွှတ်တော်အမတ် အယ်လီဆာ စလော့ကင်နဲ့ စစ်ပြန်တွေ ဖြစ်ကြတဲ့ လွှတ်တော်အမတ် ဂျေဆန်ခရိုး၊ မက်ဂီ ဂွတ်လန်းဒါ၊ ခရစ် ဒီလူဇီယိုနဲ့ ခရစ်စီ ဟိုလာဟန်တို့လည်း ပါဝင်ပါတယ်။

ဒီမိုကရက်အမတ်တွေရဲ့ စိုးရိမ်မှုတွေကြားမှာ ဥပဒေပြုအမတ်တွေဟာ ဗီဒီယိုကို ဖန်တီးခဲ့တာဖြစ်ပြီး အမေရိကန်စစ်ဘက်တပ်မှူးတချို့ကလည်း သဘောတူကြောင်း သီးသန့်ပြောဆိုခဲ့ကြတဲ့ အကြောင်းအရာတွေထဲမှာ ထရမ့်ပ်အစိုးရဟာ လက်တင်အမေရိက ရေပိုင်နက်တွေမှာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူတွေလို့ သံသယရှိသူတွေကို သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေလုပ်ဖို့ အမိန့်ပေးခြင်းဖြင့် ဥပဒေကို ချိုးဖောက်နေကြောင်းတွေကို တညီတညွတ်တည်း ပြောထားကြတာပါ။ 

ပင်တဂွန်ကတော့ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားတာကြောင့် တိုက်ခိုက်မှုတွေက တရားမျှတကြောင်း ငြင်းခုံခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ဒီမိုကရက်အမတ် ၆ ယောက်ကို ပုန်ကန်မှုနဲ့ စွပ်စွဲခဲ့ပြီး ဒီပြစ်မှုဟာ သေဒဏ်ပေးခံရနိုင်တယ်လို့ လူမှုမီဒီယာပို့စ်တခုမှာ ပြောပါတယ်။

သူ့ရဲ့အစိုးရဟာ တရားရေးဌာန အပါအဝင် ဥပဒေစိုးမိုးရေးဌာနကို အသုံးချကာ ကာလကြာရှည် အသုံးပြုလာတဲ့ စံနှုန်းတွေကို ချိုးဖျက်ပြီးတော့ သူ့ရဲ့ရန်သူလို့ မှတ်ထင်ထားသူတွေကို လိုက်လံ တားဆီးခဲ့တယ်လို့ ဝေဖန်နေကြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013