
အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ကစားရမဲ့ မက္ကဆီကို ကစားကွင်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၇,၂၀၀ လောက်မှာ ရှိတာကြောင့် နည်းပြ သောမတ်စ်တူချယ်က အမြင့်ပေဒဏ်ကို စိုးရိမ်နေပါတယ်။
အင်္ဂလန်အသင်းဟာ ဒီကနေ့ ကစားခဲ့တဲ့ ဒီအာရ်ကွန်ဂိုနဲ့ပွဲမှာ ဟာရီကိန်းရဲ့ ၂ ဂိုးသွင်းယူမှုနဲ့ အနိုင်ရခဲ့တာကြောင့် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို တက်ရောက်သွားတာပါ။
နောက်တဆင့်မှာ မက္ကဆီကိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မက္ကဆီကိုစီးတီးက အက်ဇ်တက်ကာကွင်းမှာ ကစားရမှာပါ။
မက္ကဆီကိုအသင်းကတော့ ဒီကမ္ဘာ့ဖလားပွဲစဉ်အားလုံးကို အမြင့်ပေမှာပဲ ကစားခဲ့တာကြောင့် လေထုပါးလွှာတာနဲ့ အသားကျနေပါပြီ။
အင်္ဂလန်ကစားသမားတွေကတော့ ပွဲမတိုင်ခင် ၂ ရက်အလိုမှ ရောက်မှာဖြစ်လို လိုက်လျောညီထွေဖြစ်အောင် အချိန်မလုံလောက်ပါဘူး။
နည်းပြ တူချယ်က “အမြင့်ပေဒဏ်ဟာ ကြီးမားတဲ့ အားနည်းချက် ဖြစ်ပါလိမ့်မယ်။ လိုက်လျောညီထွေဖြစ်အောင် အချိန်အများကြီးယူရတာပါ” လို့ ပြောကြားခဲ့ပါတယ်။
ဒါဟာ မက္ကဆီကိုအတွက် ကြီးမားတဲ့ အားသာချက်ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။











