
စစ်အုပ်စုက မတရား ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးနဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြနိုင်ရေးအတွက် All In One Piece Movement အမည်နဲ့ ကမ်ပိန်းလှုပ်ရှားမှုတခုကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
ဒီကမ်ပိန်းကိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင်ပြီးတော့ လာမယ့် ဒီဇင်ဘာ ၁၃ ရက်မှာ Social media နဲ့ မြေပြင်အဖွဲ့တွေ အတူတူပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ကြမှာ ဖြစ်ပါတယ်။
ကမ်ပိန်းရည်ရွယ်ချက်ကတော့ အမေဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီးနဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ရေးနဲ့ နိုင်ငံ ခေါင်းဆောင်တွေကို မတရားဖမ်းဆီးထားပြီး ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ ကမ္ဘာက သိရှိသတိပြုမိစေနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးအကျဉ်းချထားဖြစ်ပြီး သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးသလို ထောင်ဝင်စာတွေခွင့်လည်း မရဘဲ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ခံထားရတာ ဖြစ်ပါတယ်။
မိခင်ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့နဲ့ ပြန်လွှတ်ပေးဖို့ သူ့ရဲ့ သားငယ် ကင်မ် အဲရစ်(ခ)ကိုထိန်လင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ခေါင်းဆောင်ဆီ စာပေးပို့ တောင်းဆိုခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု ၁၉ မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတုန်းမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဆိုပြီး အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တာကြောင့် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်ကစပြီး လုပ်သွားဖို့ ကြေညာထားပြီး အဆိုပါရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။










