DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဟု ICRC အတည်ပြု၊ အရေးပါသည့် ပထမခြေလှမ်းဖြစ်ဟု ကင်မ်အဲရစ်ပြော
DVB
·
August 3, 2026
Photo: ဒေါ်ခိုင်ခိုင်စိုး တယ်လီဂရမ်
Photo: ဒေါ်ခိုင်ခိုင်စိုး တယ်လီဂရမ်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၃ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အတည်ပြု ထုတ်ပြန်ပါတယ်။

နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်  အာနိုးဒေဘက်ခ်က ဩဂုတ် ၃ ရက် ဒီမနက်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်ဘက်က ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ICRC ဘက်ကလည်း အတည်ပြု သတင်းထုတ်ပြန်လာတာပါ။

အခုသွားရောက်တွေ့ဆုံမှုကို လွတ်လပ်ခွင့် ဆုံးရှုံးနေသူတွေထံ သွားရောက်ကြည့်ရှုခြင်းဆိုင်ရာ ICRC ရဲ့ စံချိန်စံညွှန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီလို သွားရောက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံစကားပြောဆိုခွင့်ပါ ရရှိခဲ့တယ်လို့ ICRC က ထုတ်ပြန်ပါတယ်။

ICRC ရဲ့ လုပ်ငန်းစဉ်တွေအတိုင်း ထိန်းသိမ်းရေးစခန်းတွေကို သွားရောက်ကြည့်ရှုတာဟာ လွတ်လပ်ခွင့် ဆုံးရှုံးနေသူတွေအတွက် မိသားစုဝင်တွေနဲ့ သတင်းအချက်အလက် ဖလှယ်နိုင်ခွင့်ကို ရရှိစေတယ်လို့ ဆိုပါတယ်။

ICRC ရဲ့ အကျဉ်းထောင်ဆိုင်ရာလုပ်ငန်းရဲ့ ဓလေ့ထုံးစံနဲ့အညီ သွားရောက်လည်ပတ်မှုအတွင်း တွေ့ရှိခဲ့တဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့သာ အတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းထားရှိပြီး မျှဝေသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းကလည်း ဒီတွေ့ဆုံမှုကို ကြိုဆိုပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ နေထိုင်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ လွတ်လပ်စွာ အတည်ပြုထားတဲ့ အချက်အလက်ရရှိရေး  ထုတ်ပြန်ပါတယ်။

ကင်မ်အဲရစ်က “အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ကျနော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကျနော်ကြိုဆိုပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်မယ်ဆိုရင်တော့ ဒါဟာ ၅ နှစ်ကျော်အတွင်း မေမေနဲ့ ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှု ဖြစ်ပါလိမ့်မယ်။ ကျနော့်မိသားစုနဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့သူ အားလုံးကို၊ အထူးသဖြင့် Proof of Life လှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့ကြသူ အားလုံးကို ကျနော် အထူးကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ အသံထွက် ပြောဆိုကြိုးပမ်းပေးမှုနဲ့အတူ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ဖိအားပေးမှုကြောင့် ကျနော့်မေမေရဲ့ကိစ္စဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုအောက်မှာ ဆက်ပြီး ရှိနေနိုင်ခဲ့ပါတယ်။  ဒါဟာ အရေးပါတဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးခြေလှမ်း မဖြစ်စေရပါဘူး” လို့ ပြောပါတယ်။

ဒီအခြေအနေကနေ လူသားချင်းစာနာမှုဆိုင်ရာ တိုးတက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာဖို့ မျှော်လင့်ပြီး မိခင်ဖြစ်သူနဲ့ တိုက်ရိုက်စကားပြောခွင့်ရရှိရေး၊ မိသားစုနဲ့ တွေ့ဆုံခွင့်ရရှိရေး၊ မိခင်ရဲ့ ကျန်းမာရေးအခြေအနေကို ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်ရရှိရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ မိခင်ဖြစ်သူကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း ကိုထိန်လင်းက တိုက်တွန်းပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတို့ တွေ့ဆုံခွင့်ရပေမဲ့  မိသားစု၊ ရှေ့နေတွေနဲ့ တွေ့ခွင့်ဆိုင်ရာ ကိစ္စတွေမှာတော့  ဘာမှထူးခြားတာ မရှိသေးသလို စစ်အာဏာရှင်ဘက်က သတင်းအမှောင်ချထားဆဲ ဖြစ်ပါတယ်။ 

နေပြည်တော် အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က “အယူခံတွေပြီးသွားတော့ ဘာမှ မတွေ့ရတော့ဘူး၊ နောက်ထပ် ထူးခြားတာတော့ မရှိသေးဘူး။ အရင်တုန်းကဆိုရင်တော့ သိရတယ်၊ အခုက အတိအကျ ဘာမှမသိရဘူး။ အချက်အလက် ဘာမှ မပြည့်စုံသေးဘူး။ ၁၉၉၀ ကျော်တုန်းက နဝတခေတ်တုန်းကလည်း ICRC ဝင်ခွင့်ပေးပြီး အဆက်အသွယ်ရခဲ့တာ ရှိခဲ့ဖူးတယ်။ နောက်တခုက ICRC နဲ့ ပတ်သက်တာလည်း သူတို့က သဘောတူထားတာတွေ ရှိတယ်။ ဒါပေမဲ့ အခုဟာကတော့ စကစအနေနဲ့ဆိုရင်တော့ စဉ်းစားစရာပေါ့။ ICRC နဲ့ တွေ့တယ်ဆိုတာကတော့ မှန်ချင်လည်း မှန်နိုင်ပါတယ်၊ အတိအကျ ကျနော်တို့က မသိရသေးတာပါ” လို့ ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဓာတ်ပုံ ၄ ပုံ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တာဝန်ရှိသူတို့တွေ့ဆုံတဲ့ ဓာတ်ပုံ ၂ ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ ဇွန်လ ၁၉ ရက်နေ့က ဓာတ်ပုံ ၂ ပုံ ဖြစ်ပြီး ဒီဓာတ်ပုံတွေရဲ့ စစ်မှန်မှုနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

အရင်စစ်အစိုးရတွေလက်ထက်ကတည်းက ICRC ဟာ အကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ အာဟာရပြည့်ဝမှု ရှိ၊ မရှိ၊ အကျဉ်းထောင်လက်စွဲနဲ့အညီ အကျဉ်းသားအခွင့်အရေးတွေ ရ၊ မရ အကျဉ်းထောင်တွေထဲကို ဝင်ရောက်လေ့လာပြီး ကူညီခွင့်ရထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်က အစဉ်တစိုက် တောင်းဆိုနေတဲ့ Proof Of Life အသက်ထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ တိုက်တွန်းချက် ကမ်ပိန်းတွေကြောင့် ကြုံနေရတဲ့ ဖိအားတွေကို စစ်အာဏာရှင်က လျှော့ချဖို့၊ နိုင်ငံတကာ၊ အာဆီယံနဲ့ ကုလသမဂ္ဂ စင်မြင့်မှာ အသိအမှတ်ပြု ဆက်ဆံခံရရေးတို့အတွက် မဖြစ်မနေ လိုအပ်ချက် ရှိလာတာတွေကြောင့် ICRC နာမည်နဲ့တွဲပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို စစ်အာဏာရှင်က ထုတ်သုံးလာတာ ဖြစ်တယ်လို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ နိုင်ငံရေးအရ ဓားစာခံလုပ်ထားတယ်၊ ပြန်ပေးဆွဲထားတယ် ဆိုတဲ့ ပုံစံမျိုး ဆိုတဲ့အခါကြတော့ သူတို့က ဖြည်းဖြည်းချင်း ဓာတ်ပုံထုတ်ပြလိုက်၊ ကျန်းမာရေးကောင်းတယ် ပြောလိုက်၊ အစ်မကြီးလို ဆက်ဆံတယ်လို့ ပြောလိုက်၊ အဲဒါတွေက တကယ့်တကယ်ကျတော့ လက်ခံစရာ ဘာအကြောင်းမှ မရှိဘူး။ အာဏာလု စစ်ကောင်စီဆီမှာ တာဝန်အပြည့်ရှိတယ်။ အခုလိုမျိုး ဓာတ်ပုံလေးတွေ ထုတ်ပြပြီးတော့ တို့ကနန်း ဆိတ်ကနန်း ဒီလိုလုပ်နေတာက ကျနော်တို့က လက်ခံနိုင်စရာ အကြောင်းမရှိဘူးပေါ့။ နံပါတ် ၁ တချက်က ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုတယ်ဗျ။ သူတို့က နိုင်ငံရေးအရ ဓားစာခံလုပ်ပြီး ပြန်ပေးဆွဲထားတဲ့အပေါ်မှာ သူက အပေးအယူ လုပ်နေတာ၊ ဒါရရင် ဒါပေးမယ်၊ ဒါရရင် ဒါပေးမယ်။ အဲဒါက တကယ့်တကယ်ကြတော့ နိုင်ငံရေးအရ ညစ်တာဗျ။ ICRC အဖွဲ့ဆိုတာကတော့ နိုင်ငံတကာအဖွဲ့အစည်း ဖြစ်တယ်ပေါ့နော်။ သို့သော်ငြားလည်း သူက နိုင်ငံရေးအဖွဲ့အစည်းတော့ မဟုတ်ဘူး။ သူ့နာမည်ကို ဒီတခေါက်တော့ အမှန်တော့ အသုံးချတာပေ့ါဗျာ၊ ဒီနာမည်နဲ့ပတ်သက်တဲ့ ဒီအဖွဲ့အစည်းမှာလည်း တာဝန်အပြည့်အဝ ရှိလာတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိနေသေးကြောင်း ဧပြီ ၃၀ ရက်တုန်းက ဓာတ်ပုံတချို့ ထုတ်ပြန်ခဲ့ပြီး တရားရုံးမှာ တရားရင်ဆိုင်နေရစဉ် ကာလတုန်းကလည်း ဓာတ်ပုံထုတ်ပြခဲ့ဖူးသလို  အခုထုတ်ပြန်ချက်ကတော့ တတိယအကြိမ် ဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနဲ့  တွေ့ဆုံခွင့်ပေးတာဟာ ပြည်တွင်းပြည်ပနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့  စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာတဲ့ အောင်မြင်မှု တစိတ်တပိုင်းဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စိုးသူအောင် / သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013