
ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းကို ဖုန်းနဲ့ စကားပြောခွင့်ပြုပေးခဲ့တာဟာ စစ်အာဏာရှင်ရဲ့ အကျပ်အတည်းကြီးမားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးတာဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၂ နာရီခွဲကနေ ၂ နာရီ မိနစ် ၅၀ အထိ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းနဲ့ လန်ဒန်မြို့ရှိ မြန်မာသံရုံးကနေဆင့် တယ်လီဖုန်းနဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုခဲ့တယ်လို့ စစ်အာဏာရှင်ဘက်က ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ခွင့်ရခဲ့ပေမဲ့ တကြိမ်စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို လွတ်မြောက်လာတာလည်း မဟုတ်သေးဘူးလို့ ကိုထိန်လင်းက ထုတ်ပြန်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ စစ်အာဏာရှင်က အသုံးမချသင့်ဘူးလို့လည်း သူက ဆိုပါတယ်။
အောက်တိုဘာ ၁၉ ရက်မှာ ဗြိတိန်နိုင်ငံ တတိယမြောက် ချားလ်စ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည်ဆီကို စာအုပ်နဲ့စာ ပေးပို့ပြီးနောက်မှာ စစ်အာဏာရှင်က ခြေလှမ်းတခု ရှေ့တိုးလာတာ ဖြစ်ပါတယ်။
မြေပြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပနဲ့ လုံးဝ အဆက်အသွယ်ဖြတ်ထားဆဲဖြစ်ပြီး စစ်အာဏာရှင်က အခြေအနေကို စိတ်ကြိုက်ကစားနိုင်ဖို့ ပြင်ဆင်ထားတဲ့သဘော သက်ရောက် နေတယ်လို့ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က မှတ်ချက်ပေးပါတယ်။
“ထူးဆန်းတာက အရင်လိုမဟုတ်ဘူး။ သူတို့က ကြိုကာတာ။ အရင်တုန်းကဆို ကျနော်တို့ တော်တော်များများ သိရတယ်။ အခု အဲဒီ သိနိုင်လောက်တဲ့သူတွေရော အကုန်ဖယ်ထုတ်ပစ်တာ။ သူတို့ဘက်ကလည်း သတင်းရမှာပေါ့။ အဲဒီ သိနိုင်လောက်တဲ့သူတွေကို နီးနီးကပ်ကပ်ကို မရတော့တာ ကျနော်တို့က။ အခုဟာက လုပ်လို့မရတော့လို့ တဖြည်းဖြည်းနဲ့ ပွင့်လာတာ။ ဘုရင်ကြီးကိုယ်တိုင်က ပို့တဲ့စာကို ပေးတယ်ဆိုတော့ ထူးထူးဆန်းဆန်းဖြစ်သွားတာ။ အကုန်လုံး အပြောင်းအလဲအတွက် အခြေခံတာပေါ့။ နိုင်ငံရေးအရ အပြောင်းအလဲ နီးစပ်လာတာ တခုလည်း ဖြစ်သလို လွတ်မြောက်တယ် ဆိုတဲ့နေရာမှာလည်း ဝိုင်းဝန်းပေးမှ၊ နိုင်ငံရေးအရရော လူမှုရေးအရရော ပြည်တွင်းမှာကတော့ လုပ်စရာရှိတာ အကုန် ကုန်နေအောင် လုပ်နေကြတာကိုး။ ဒေသန္တရတွေနဲ့ ကမ္ဘာကြီးက ကူညီပေးတဲ့အခါမှာ ပိုပြီးတော့ အချိန်နီးစပ်သွားမှာပေါ့ အပြောင်းအလဲအတွက်။”
စစ်အာဏာရှင်က နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့နဲ့ သူ့ရဲ့ စီးပွားရေးလည်ပတ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပကမ္ဘာနဲ့ မဖြစ်မနေ ပြန်ဆက်သွယ်ခွင့်ပေးလာရတာပါ။
ဩဂုတ် ၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က တွေ့ဆုံခွင့်ရခဲ့ပြီး အချိန် ၂ လကျော်အကြာမှာ သားဖြစ်သူက တယ်လီဖုန်းနဲ့ ဆက်သွယ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အရေးနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်အစိုးရဘက်က ပျော့ပြောင်းတဲ့ သဘောထား ရှိနေပြီး မကြာခင် ပြန်လွတ်မြောက်လာနိုင်တယ်လို့ စစ်တပ်ဝန်းရံသူတယောက်က မှတ်ချက်ပေးပါတယ်။
နိုင်ငံရေးသုံးသပ်သူ ဒေါက်တာအောင်မျိုးက “နိုင်ငံတော်အစိုးရ အနေနဲ့ကတော့ အစကတည်းက သဘောထား ပျော့ပြောင်းပါတယ်။ အစွန်းရောက်သွားအောင် သူမလုပ်ချင်ပါဘူး၊ ဘယ်အရာမဆိုလေ၊ သူ့ကို ကျနော်တို့ လေ့လာတဲ့အခါမှာ။ တိုင်းပြည်ရဲ့ အခြေအနေတခု တည်ငြိမ်မှုတခုကို မဖျက်ဆီးနိုင်ဘူး၊ ဒုက္ခမပေးနိုင်ဘူးလို့ ယုံကြည်စိတ်ချတာနဲ့ တပြိုင်နက်တည်း သူ လွှတ်ပေးမှာပါ။ ဥပမာ ဒေါ်စုလွှတ်လို့ ပိုဆိုးမလား၊ ဘယ်လွှတ်မလဲပေါ့နော်။ ဒေါ်စုလွှတ်လည်း ဆိုးစရာအကြောင်းမရှိဘူး၊ ပိုပြီးကောင်းမဲ့ အခြေအနေမျိုးဆိုရင် သူလွှတ်မှာပေါ့နော်။ ဒေါ်စု လွှတ်လွှတ် မလွှတ်လွှတ် ဒေါ်စုရဲ့ကဏ္ဍက ဘယ်လိုပဲပြောပြော အသက်အရွယ်အရက Fade Out ဖြစ်သွားပြီပေါ့နော်။ ကျနော်ထင်တယ်လေ နိုင်ငံတော်က ဒေါ်စုတယောက်တည်း ဆိုတဲ့အပိုင်း အဲဒီလိုတော့ ကျနော်တော့ သိပ်မထင်ဘူး။ ဖြေလျှော့မှုတခုနဲ့ပဲ လာမှာပဲပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုစွဲထားတဲ့ပြစ်မှုတွေက ရာဇဝတ်ပြစ်မှုဆိုင်ရာတွေ ဖြစ်နေတဲ့ အခါကြတော့ နိုင်ငံတော်အနေနဲ့က သူ့ကို တယောက်တည်း သီးသန့်ကြီး လွှတ်ပေးဖို့ကျတော့ ခက်ပါလိမ့်မယ်။ အခါကြီး ရက်ကြီးတွေတို့ နေ့ထူးနေ့မြတ်တွေ ဘာတွေနဲ့ပဲ ရောပြီးပါလာနိုင်မယ်လို့ အဲဒီလိုပဲ မျှော်လင့်တာပေါ့နော်။ ကျနော်တို့အနေနဲ့လည်း လွတ်စေချင်ပါတယ်။ မြန်မာနဲ့ နိုင်ငံတကာကြားထဲက တင်းမာမှုတွေ ပြေလျော့ဖို့အတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစိတ်တပိုင်း ပါဝင်ပါတယ်။ ဒါကိုတော့ ကျနော်တို့ အဖြစ်မှန်ဆိုတာ လက်ခံရမှာပဲ။ သို့သော်လည်းပဲ သံတမန်မျက်နှာစာမှာတော့ ကောင်းမယ်။ ဒါပေမဲ့ ပြည်တွင်းဆူပူမှုကိုတော့ အကျိုးသက်ရောက်မှုတော့ မရှိနိုင်ဘူးပေါ့” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့က နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စစ်အာဏာရှင်က သတင်းအမှောင်ချထားခဲ့ပါတယ်။
စစ်အာဏာရှင်ဟာ ဇွန်လဆန်းမှာ အိန္ဒိယနိုင်ငံခရီးစဉ်၊ နောက်ပိုင်းမှာ ပြည်ပခရီးစဉ်တွေ ဆက်တိုက်သွားခဲ့ပြီး နိုင်ငံအားလုံးရဲ့ စေ့စပ်ရေး ဘုံတိုက်တွန်းချက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဟာ အဓိကအချက် ဖြစ်ခဲ့တာပါ။
မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “အမှန်အတိုင်းပြောရင်တော့ သူတို့ဖြစ်ချင်တာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲမှာပဲ တောက်လျှောက်ပိတ်ထားပြီး သူ့ဟာသူ အဲဒီမှာ သဘာဝတရားအရ ပြီးသွားစေချင်တာပေါ့ဗျာ။ ဒါပေမဲ့ မရဘဲနဲ့ ပြန်သုံးလာတာက သူတို့ရဲ့ အခက်အခဲ ကြီးမားပုံရတယ်။ တခုက သူ့ရဲ့တရားဝင်မှု။ နောက်တခုက သူတို့ရဲ့စီးပွားရေး။ နိုင်ငံတကာကို သွားနေပေမဲ့ လက်မှတ်တွေပဲ ထိုးတယ်လေ။ တကယ့်တကယ် ရင်းနှီးမြှုပ်နှံမှုက သိပ်ဝင်မလာဘူး။ တိုင်းပြည်က မအေးချမ်းတဲ့အခါကျတော့ ဘယ်လိုမှ မဝင်ဘူးလေ။ အဲဒီစီးပွားရေးအတွက် သူ ခြေလှမ်းတွေ လှမ်းလာတယ်ထင်တယ်။ သူသွားနေတဲ့ နိုင်ငံတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တွေ ပြောတယ်နဲ့တူတယ် ကြည့်ရတာလေ။ ကင်မ်ရဲ့ အင်တာဗျူးကို ကျမ တွေ့တယ်။ မေမေ မကြာခင် လွတ်လာလိမ့်မယ်လို့ မျှော်လင့်တယ်ဆိုတော့ သူလည်း တစုံတရာသိထားတာ ဖြစ်နိုင်တယ်လေ။ လွှတ်တော့ လွှတ်ပေးရမဲ့ပုံပါပဲ။ အဲဒါက မင်းအောင်လှိုင်ရဲ့ အခက်အခဲ ကြီးမားတာကို ပြသတာပေါ့ဗျာ” လို့ ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲအမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှု အပါအဝင် တရားမဲ့ စွဲချက်တွေနဲ့ စစ်အာဏာရှင်က ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့တာပါ။
နောက်ပိုင်းမှာ ထောင်ဒဏ် ၂၇ နှစ်အထိ လျှော့ချခဲ့ပြီး သမ္မတ ဦးဝင်းမြင့် လွတ်မြောက်ခဲ့တဲ့ ဧပြီ ၁၇ နှစ်သစ်ကူး လွတ်ငြိမ်းခွင့်မှာ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေးခဲ့သလို ဧပြီ ၃၀ ကဆုန်လပြည့်နေ့မှာ နောက်ထပ် ပြစ်ဒဏ် ၆ ပုံ ၁ ပုံ ထပ်မံလျှော့ပေးခဲ့တဲ့အတွက် ထောင်ဒဏ် ၁၈ နှစ်နဲ့ ၉ လဝန်းကျင် ကျခံဖို့ ကျန်ရှိနေပါတယ်။
အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့နဲ့ ပြန်လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်းက ကမ္ဘာတဝန်းမှာ ကမ်ပိန်းတွေ ဆက်တိုက်ပြုလုပ် ရုန်းကန်ခဲ့ရပြီး လတ်တလောမှာလည်း နိုင်ငံတကာခေါင်းဆောင်တွေကို မေတ္တာရပ်ခံတာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။
သုတချမ်းသာ











