DVB Logo
Home
မြန်မာသတင်း
အဓမ္မစစ်မှုထမ်းခိုင်းခြင်းနှင့် ကလေးစစ်သား စုဆောင်းခံရပါက တိုင်ကြားနိုင်ဟု စစ်ကောင်စီ ပြော
DVB
·
November 26, 2025
အဓမ္မစစ်မှုထမ်းခိုင်းခြင်းနှင့် ကလေးစစ်သား စုဆောင်းခံရပါက တိုင်ကြားနိုင်ဟု စစ်ကောင်စီ ပြော
Donate to DVB

အဓမ္မစစ်မှုထမ်းခိုင်းတာနဲ့ အသက်မပြည့်သေးသူကို စစ်မှုထမ်းဖို့ စုဆောင်းခံရတာတွေရှိရင် တိုင်ကြားနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှာ ဖြန့်ဝေတဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်ထဲမှာ အဓမ္မခိုင်းစေမှုမြောက်တဲ့ စစ်မှုထမ်းခိုင်းတာမျိုးတွေနဲ့ ပတ်သက်ပြီး တိုင်ကြားလို့ရတယ် ဆိုတဲ့ အချက်ကို ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

အဓမ္မစစ်မှုထမ်းစေတာ၊ အသက်မပြည့်သေးတဲ့သူတွေကို  စစ်မှုထမ်းစေတဲ့ ကိစ္စရပ် ဖြစ်ပေါ်ခဲ့ရင် နီးစပ်ရာ တပ်သားစုဆောင်းရေးစခန်း၊ စစ်အခြေခံလေ့ကျင့်ရေးကျောင်းနဲ့ နီးစပ်ရာ တပ်စခန်းတို့မှာ တင်ပြနိုင်တယ်လို့ ဆိုပါတယ်။ 

အဲဒီလိုလုပ်ဆောင်လို့ တုံ့ပြန်တဲ့အပေါ် အားရကျေနပ်မှုမရှိရင် သက်ဆိုင်တဲ့ အချက်အလက် အထောက်အထားတွေကို အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားဆီ ပေးပို့ တိုင်ကြားနိုင်တယ်ဆိုပြီးလည်း အသိပေးထားပါတယ်။ 

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက အဓမ္မစစ်မှုထမ်းခံရတဲ့အပေါ် တိုင်ကြားနိုင်တယ်လို့ ဆိုပေမဲ့ အမှန်တကယ် ဖြေရှင်းပေးမှာ ဟုတ်၊ မဟုတ်နဲ့ ပတ်သက်လို့ ယုံကြည်ဖို့ ခက်သလို တိုင်ကြားသူအတွက် အန္တရာယ်ကျရောက်မှာကို စိုးရိမ်ရတာမျိုးတွေ ရှိနိုင်တယ်လို့ ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။

“စစ်အုပ်စုဆီ တိုင်ကြားတဲ့သူက သူ့ရဲ့ ကိုယ်ရေးအချက်အလက်ကို ယုံယုံ​ကြည်ကြည်ပေးဖို့ ဆိုတာ အတော်မလွယ်တဲ့ ကိစ္စလေ။ ပြီးတော့ တကယ်ရော ဖြေရှင်းပေးနိုင်မှာ သေချာလား ဆိုတာလည်း မေးခွန်းထုတ်စရာ ရှိတယ်။”

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်း စစ်မျက်နှာစုံ ဖွင့်ထားရကာ တိုက်ခိုက်​ရေး စစ်သားအင်အား ဆုံးရှုံးတာ များလာတဲ့​နောက် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အညီ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာမျိုး မဟုတ်ဘဲ လူငယ်တွေကို မတရားဖမ်းဆီးခေါ်ဆောင်ပြီး စစ်မှုထမ်းခိုင်းတဲ့ ဖြစ်ရပ်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုလုပ်တာဟာ ILO က တားမြစ်ထားတဲ့ အဓမ္မခိုင်းစေမှုကို ချိုးဖောက်တာ ဖြစ်သလို စစ်မှုထမ်းဖို့ မတရားဖမ်းဆီး ခေါ်ဆောင်ခံရတဲ့အထဲမှာ စက်ရုံလုပ်သားတချို့လည်း ပါဝင်တယ်လို့ မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“အလုပ်သွား၊ အလုပ်ပြန်မှာ စောင့်ဖမ်းပြီး ဥပဒေနဲ့မညီဘဲ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ အဓမ္မခိုင်းစေမှု ဖြစ်ရပ် သက်သေအထောက်အထားတွေ ရှိတယ်။”

စစ်​ကောင်စီက ၂၀၁၂ ကနေ ၂၀၂၅ အထိ မှားယွင်းစုဆောင်းခဲ့တဲ့ အရွယ်မရောက်သေးသူ  အယောက် ၁,၁၀၀ ကျော်ကို ပြန်နုတ်ထွက်ခွင့်ပေးခဲ့တယ်လို့ အခုနှစ် စက်တင်ဘာလထဲမှာ အသိပေး ထုတ်ပြန်ထားပါတယ်။

ဒါ​ပေမဲ့ နုတ်ထွက်ခွင့်ပေးလိုက်တာထက် ပိုများတဲ့ ကလေးစစ်သားတွေ ကျန်​နေသေးသလို  အရွယ်မ​ရောက်​သေးသူ​တွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးစုဆောင်းတာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ စစ်ဘက်အရင်းအမြစ်တွေက ထောက်ပြထားပါတယ်။

စစ်ကောင်စီက အခုလို အသိပညာ​ပေးတာ​တွေ မလုပ်ခင် ဇွန်လဆန်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ နဲ့ အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ တို့ကို ချိုးဖောက် ကျူးလွန်နေတဲ့အတွက် ပုဒ်မ ၃၃ နဲ့ အ​ပြင်းထန်ဆုံး အရေးယူဖို့  ဆုံးဖြတ်ခံထားရပါတယ်။

အဲဒီလို ILO က အရေးယူဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ စစ်​ကောင်စီက ပြဋ္ဌာန်းချက် အမှတ် ၈၇ ကို လိုက်နာနေတယ်ဆိုတဲ့ လုပ်ရပ်ပြနိုင်အောင် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေ ဖြစ်တဲ့ ဒေါ်မျိုးမျိုးအေး၊ ကိုသက်နှင်းအောင် နဲ့ မသက်ထားဆွေ တို့ကို ဖမ်းဆီးထားရာကနေ လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

ဆက်လက်ပြီး  ပြဋ္ဌာန်းချက်အမှတ် ၂၉ ကို အလေးထားလုပ်ဆောင်နေတယ်ဆို​ပြီး ထင်မြင်အောင် အဓမ္မခိုင်းစေမှု ပပျောက်ရေး လက်ကမ်းစာစောင် ထုတ်တာလို့ ယူဆရကြောင်း ပြည်တွင်း အလုပ်သမားအရေး စောင့်ကြည့်သူတွေက မှတ်ချက်ပြုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013