
ဆူဒန်နိုင်ငံရဲ့ အရန်လက်နက်ကိုင်တပ်ဖွဲ့ (RSF) ဟာ နိုင်ငံရဲ့ စစ်တပ်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း ၃ လကြာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချက်ချင်း ပါဝင်မယ်လို့ RSF ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမဒ်ဟမ်ဒန် ဒါဂါလိုက နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ နိုင်ငံကို အစာရေစာ ငတ်မွတ် ခေါင်းပါးမှုထဲ ကျရောက်စေခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဝင်ရောက်စွက်ဖက်မယ်လို့ ပြောကြားပြီးနောက်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။
အမေရိကန်ပြည်ထောင်စု၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အီဂျစ်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ၄ နိုင်ငံအဖွဲ့ (Quad) ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပြီးမှာ ၃ လကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်တခု ပြုလုပ်ဖို့ အခုလအစောပိုင်းမှာ အဆိုပြုခဲ့ပါတယ်။
RSF ဟာ ဒီအစီအစဉ်ကို လက်ခံကြောင်း ပြောကြား တုံ့ပြန်ခဲ့ပေမဲ့ မကြာခင်မှာပဲ စစ်တပ်နယ်မြေကို ဒရုန်းတွေအများအပြားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
တနင်္လာနေ့က ကြေညာချက်ဟာ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာပုံရပါတယ်။ ဆူဒန်စစ်တပ်အကြီးအကဲက ၄ နိုင်ငံအဖွဲ့ Quad ရဲ့ အဆိုပြုချက်တွေကို ငြင်းပယ်လိုက်ပြီး RSF ကို လက်နက်တပ်ဆင်ပေးတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံထားရတဲ့ ယူအေအီးကို ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်နေတာကို အရင်နေ့က ဝေဖန်ခဲ့ပါတယ်။
ပင်လယ်ကွေ့နိုင်ငံဟာ အဲဒီလို စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး သူဟာ စစ်ပွဲကို ရပ်တန့်ဖို့ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။
Quad နိုင်ငံတွေက စစ်တပ်ကို အပစ်အခတ်ရပ်စဲရေးကို လက်ခံစေဖို့ သူတို့ရဲ့ အခန်းကဏ္ဍမှ လုပ်ဆောင်ပေးလိမ့်မယ်လို့ RSF က မျှော်လင့်ကြောင်း ဒါဂါလိုက ပြောကြားခဲ့ပါတယ်။
RSF ဟာ အောက်တိုဘာလကုန်မှာ အယ်လ်ဖာရှီးရ်မြို့ကို သိမ်းပိုက်ပြီးနောက် အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေအတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာပဲ ဒါဂါလိုရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာပါ။
ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်လ် ဖာတာ အယ်လ်-ဘူရ်ဟန်က အမေရိကန်ရဲ့ အဆိုပြုချက်ဟာ ဆူဒန်စစ်တပ်ကို အားနည်းစေဖို့ ရည်ရွယ်ခြင်းဖြစ်ပြီး RSF ကိုတော့ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေကို ထိန်းသိမ်းခွင့်ပြုတာဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက် မိန့်ခွန်းထဲမှာ စွပ်စွဲပြောပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလမှာ အဖွဲ့ ၂ ဖွဲ့ပေါင်းစည်းရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေကြောင့် စတင်ဖြစ်ပွားခဲ့တဲ့ ဆူဒန်စစ်ပွဲဟာ ဆူဒန်နိုင်ငံကို အစာရေစာငတ်မွတ်ခေါင်းပါးမှုထဲကို ကျရောက်စေခဲ့ပြီး အထူးသဖြင့် လူမျိုးရေး အခြေခံတဲ့ သွေးထွက်သံယိုမှုတွေနဲ့ အရပ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
RSF ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရပြီး ဒါဂါလိုနဲ့ ဘူရ်ဟန်တို့ ၂ ယောက်စလုံးကို အမေရိကန်က ပိတ်ဆို့အရေးယူထားပါတယ်။
Source: Reuters










