
ဥရောပသမဂ္ဂဟာ ၂၀၂၇ ခုနှစ်မှာ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှားတို့နဲ့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်တွေကို အပြီးသတ်နိုင်ဖို့ အကောင်းမြင်ထားတယ်လို့ ဥရောပ ကုန်သွယ်ရေးကော်မရှင်နာ မာရို့စ် ဆက်ဖ်ကိုဗစ်ခ်က နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ်လုခ် ရက်စ်မက်ဆန်နဲ့အတူ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆက်ဖ်ကိုဗစ်ခ်က ပြောလိုက်တာပါ။
ကွဲပြားခြားနားတဲ့ ကုန်သွယ်ရေးမိတ်ဖက်တွေ ရရှိစေဖို့၊ ဥရောပစီးပွားရေးလုပ်ငန်းတွေအတွက် ဈေးကွက်အသစ် ဝင်ရောက်ခွင့်ကို ဖွင့်လှစ်ဖို့ EU ရဲ့ ကြိုးပမ်းချက်တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
မာရို့စ်ဆက်ဖ်ကိုဗစ်ခ်က “ကျနော်တို့က တတ်နိုင်သမျှ ကွဲပြားအောင် လုပ်ဆောင်နေပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက်၊ နေရာတိုင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်း တွေအတွက် ဈေးကွက်အသစ်ဝင်ရောက်ခွင့်ကို ဖွင့်လှစ် ပေးနေတာ ထင်ရှားပါတယ်”လို့ ပြောပါတယ်။
အရေးကြီးတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ စီးပွားရေးလုံခြုံရေးကို စီမံခန့်ခွဲခြင်းဆိုင်ရာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို ဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ မာရို့စ် ဆက်ဖ်ကိုဗစ်ခ်က ထောက်ပြခဲ့ပါတယ်။
EU ဒစ်ဂျစ်တယ် စည်းမျဉ်းတွေဟာ ခွဲခြားဆက်ဆံတာ ဒါမှမဟုတ် အမေရိကန်ကုမ္ပဏီတွေကို ရည်ရွယ်တာ မဟုတ်ဘူးလို့လည်း အလေးပေးပြောခဲ့ပြီး ကော်မရှင်ဟာ ချဉ်းကပ်မှုကို ရှင်းလင်း စေရန် အမေရိကန်နဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
Source:Reuters










