DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အလုပ်သမားနေ့ အလုပ်ဆင်းပါက လုပ်အားခ တဆပိုပေးရမည်ဟု ထိုင်းအစိုးရထုတ်ပြန်
DVB
·
May 1, 2026
ကမ္ဘာ့အလုပ်သမားနေ့ အလုပ်ဆင်းပါက လုပ်အားခ တဆပိုပေးရမည်ဟု ထိုင်းအစိုးရထုတ်ပြန်
1 / 7
Photo: Thai PBS
Donate to DVB

ထိုင်းနိုင်ငံက အလုပ်သမားတွေအနေနဲ့ မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ လုပ်အားခအပြည့်နဲ့ အလုပ်နားခွင့်ရှိပြီး ဒီလိုနေ့မှာ အလုပ်ဆင်းရတယ်ဆိုရင် လုပ်အားခထက် တဆ ပိုပေးရမယ်လို့ ထိုင်းအစိုးရဝန်ကြီးများရုံး ဒုပြောရေးဆိုခွင့်ရှိသူ နန်းဆောင် လာ့လိဒါ ဖေရီဆွီဝပ်ထနားက ဒီကနေ့ မေ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

နှစ်စဉ် မေ ၁ ရက်နေ့ဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအလုပ်သမားနေ့လည်းဖြစ်ပြီး တရားဝင်နားရက် ဖြစ်တာကြောင့် အလုပ်သမားတွေဟာ ပုံမှန်နေ့တွေလို လုပ်အားခရရမှာဖြစ်တယ်၊ ဒါဟာ အလုပ်သမားအခွင့်အရေးကို ကာကွယ်ခြင်းနဲ့ အလုပ်သမားတွေအတွက် တရားမျှတတဲ့ အာမခံချက် ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားအလုပ်သမားနေ့ဟာ သာမန်ပိတ်ရက်တွေနဲ့ တိုက်ဆိုင်နေရင် ဥပဒေနဲ့အညီ အလုပ်သမား အခွင့်အရေး ရရှိရေးအတွက် အလုပ်ရှင်တွေအနေနဲ့ အစားထိုးနားရက် ပြန်လည်သတ်မှတ်ပေးဖို့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ညွှန်ကြားထားပါတယ်။

ရပ်နားလို့မရတဲ့လုပ်ငန်း ဥပမာ ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးရုံဆေးခန်း၊ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး စတဲ့လုပ်ငန်းတွေမှာ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားနဲ့ ညှိနှိုင်းပြီး အဆင်ပြေတဲ့ တခြားရက်တွေမှာ အစားထိုးနားစေရမယ်၊ ဒါမှမဟုတ် နားရက်အတွက် လုပ်အားခ ပေးရမယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအတွက် တရားမျှတမှုနဲ့ သင့်လျော်တဲ့ အာမခံချက်တွေ ရရှိစေဖို့ အစိုးရအနေနဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးနဲ့  ပြည်သူပြည်သားတို့ဘဝ မြှင့်တင်ရေး၊ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် အစဉ်တစိုက် ဦးစားပေး ဆောင်ရွက်လျက်ရှိတယ်၊ အလုပ်ရှင်တွေ အနေနဲ့လည်း မိမိတို့အလုပ်သမားရဲ့ အကျိုးစီးပွားကို အလေးထားပြီး ချမှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းအတိုင်း တိကျစွာ လိုက်နာဖို့လည်း ထပ်လောင်း ပြောကြားလိုပါတယ်လို့ ဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။

ဒီကနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့၊ ထိုင်းနိုင်ငံရဲ့ အမျိုးသားအလုပ်သမားနေ့မှာ နေရာအသီးသီးက အလုပ်သမားတွေ စုဝေးစီတန်းပြီး မိမိတို့ အလုပ်သမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲနဲ့ လိုလားချက်တွေ တောင်းဆိုခဲ့ကြပါတယ်။

ဘန်ကောက်မှာဆိုရင် ထိုင်းအလုပ်သမားညီညွတ်ရေးကွန်ရက်အဖွဲ့၊ နိုင်ငံ့စီးပွားရေးလုပ်ငန်းဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နဲ့ ကဏ္ဍအသီးသီးက အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး “စက်သုံးဆီ ဈေးတက်၊ လျှပ်စစ်မီတာဈေးတက်၊ လုပ်အားခတော့ မတိုး” ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပြီး အဲဒီအဖွဲ့တွေဟာ ဒီမိုကရေစီကျောက်တိုင်မှာ စုဝေးကာ အစိုးရအိမ်တော်ရုံးအထိ ချီတက် အင်အားပြခဲ့ကြပါတယ်။

အဲဒီနောက် အစိုးရအနေနဲ့ စက်သုံးဆီရှားပါးမှုပြဿနာ ဖြေရှင်းပေးဖို့၊ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ပဋိညဉ်အတိုင်း ဆောင်ရွက်ဖို့၊ အနိမ့်ဆုံးလုပ်အားခ တနေ့ ၇၁၂ ဘတ် သတ်မှတ်ပေးဖို့၊ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပုံစံ ပြုလုပ်မှုအားလုံး ရပ်ဆိုင်းဖို့၊ လူမှုဖူလှုံရေးပုံစံ ပြောင်းလဲဖို့၊ ရေတိုလုပ်ငန်းတွေ ဖျက်သိမ်းဖို့၊ လေထုညစ်ညမ်းမှုပြဿနာ ပွင့်လင်းမြင်သာဖြေရှင်းဖို့၊ ထုတ်ကုန်တွေမှာ အက်စ်ဘက်စတော့စ်သတ္တု အသုံးပြုမှု တားမြစ်ပြီး ပူပြင်းမှုကို အများဆိုင်ရာ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ဖို့၊ အလုပ်သမားကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေး စီမံချက် အကောင်အထည်ဖော်ဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်အောင် စီမံခန့်ခွဲရာမှာ မူဝါဒ အမြန်ချမှတ်ဆောင်ရွက်ရေး စတဲ့ အချက် ၉ ချက်ကို  အစိုးရအိမ်တော်မှာ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် လူမှုဖူလှုံရေး အာမခံဌာနအတွက် အလုပ်အမှုဆောင်သစ် လျာထားတဲ့ ပုဂ္ဂိုလ် ၇ ယောက် အမည်ကိုလည်း တင်သွင်းခဲ့ကြပါတယ်။

မြန်မာတိုင်းရင်းသားလုပ်သားတွေ အမြောက်အမြား ဝင်ရောက်လုပ်ကိုင်နေတဲ့ ချင်းမိုင်မှာဆိုရင်   ဒီကနေ့ ညနေပိုင်းမှာ ထိုင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့တွေ ပူးပေါင်းပြီး ချင်းမိုင်မြို့လယ် ဗုဒ္ဓဆထန်မှာ စုဝေးကာ မီးရထားဌာနပန်းခြံကို  ချီတက်သွားဖို့ အစီအစဉ်ရှိတယ်၊ တောင်းဆိုချက်နဲ့ ထုတ်ပြန်ချက်တွေတော့ မသိရသေးဘူးလို့ ရွှေ့ပြောင်းလုပ်သားပညာပေးရေး ဆောင်ရွက်နေတဲ့ MAP Foundation မှ ထောင်းန်ခမ်းက DVB ကို ပြောပါတယ်။

မြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ စက်ရုံအတော်များများမှာ အလုပ်မပိတ်ဘဲ အလုပ်ဆင်း နေရဆဲဖြစ်ပါတယ်။ အစိုးရကြေညာထားတဲ့ လုပ်အားခ ၂ ဆနဲ့ အချိန်ပိုခ တနာရီကို ၃ ဆ ရ ရမယ် ဆိုတဲ့အတိုင်း ရဖို့ မသေချာ၊ အလုပ်ရုံက ဘာမှလည်း မကြေညာထားဘူးလို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ   ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါ တယ်။ 

အလုပ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ ဒီမတိုင်ခင်ရှေ့ကဘဲ စုပေါင်းသွေးလှူခြင်း ၊ အသက် ၁၀၀ ကျော်ရွယ် သက်ကြီးရွယ်အို ၃ ယောက်အား ကန်တော့ခြင်းနဲ့  နွမ်းပါးရွှေ့ပြောင်းလုပ်သား ၁၅၀ ယောက်အတွက် သစ်သီးနဲ့စားစရာတွေ ဝေငှလှူဒါန်းခဲ့ပါတယ်။ 

မြင့်တက်လာတဲ့ကုန်ဈေးနှုန်းနဲ့ လိုက်လျောညီထွေတဲ့ လုပ်အားခတိုးပေးဖို့၊ လူမှုဖူလုံရေး ရန်ပုံငွေ ထုတ်ရခက်ခဲတဲ့ ပြဿနာဖြေရှင်းပေးဖို့၊ အလုပ်သမားတွေဆီက နေရပ်ပြန် ကြေး ဘတ် ၁၀၀၀ စီ ကောက်ထားတဲ့ကိစ္စ နေရပ်ပြန်ချိန် အမှန်တကယ် မရရှိတဲ့အကြောင်း၊ အလုပ်သမားမှတ်ပုံတင်ကိစ္စ အေးဂျင့်တွေနဲ့ မလုပ်ခိုင်းဘဲ အစိုးရကိုယ်တိုင် တိုက်ရိုက်လုပ်ပေးဖို့၊ အလုပ်ရှင် အလုပ်သမား ပြဿနာ ဖြေရှင်းရေးမှာ သုံးပွင့်ဆိုင်ကော်မတီဖွဲ့စည်းဖြေရှင်းပေးဖို့စတဲ့ အချက်တွေပါတဲ့ တောင်းဆိုချက် ၁၂ ချက်ကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှတဆင့် ပေးပို့ထားတယ်လို့  ဦးမိုးကြိုးက ပြောပါတယ်။ 

Source: Workpoint News / Thai PBS News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013