
ကိုလံဘီယာနိုင်ငံ၊ တာတာကိုအာ ကန္တာရထဲမှာ တွေ့ရှိခဲ့တဲ့ နှစ် ၁၃ သန်း သက်တမ်းရှိ လိပ်ကျောက်ဖြစ်ရုပ်ကြွင်း မျိုးစိတ်သစ်ကို သူတို့နိုင်ငံရဲ့ ကျော်ကြားတဲ့ အဆိုတော် ရှာကီယာကို ဂုဏ်ပြုတဲ့အနေနဲ့ “ရှာကီယာမီစ် ကိုလံဘီယားနား” လို့ အမည်ပေးလိုက်ပါတယ်။
ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ဟူအီလာဒေသက လယ်သမားတွေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သိပ္ပံပညာရှင်တွေက ဆက်လက်လေ့လာခဲ့ရာမှာ ဦးခေါင်းခွံနဲ့ အခွံတွေဟာ ပျက်စီးခြင်းမရှိဘဲ အကောင်းပကတိ ကျန်ရှိနေတာကို တွေ့ရပါတယ်။
ဒါကြောင့် မတူကွဲပြားတဲ့ ဆင့်ကဲဖြစ်စဉ် စရိုက်လက္ခဏာတွေကို အသေးစိတ် ဖော်ထုတ်နိုင်ခဲ့ပါတယ်။
တာတာကိုအာပြတိုက် ညွှန်ကြားရေးမှူးရဲ့ အဆိုအရ လိပ်ခွံရဲ့ ပုံသဏ္ဌာန်ဟာ ရေစီးကြောင်း အမျိုးမျိုးမှာ ရှင်သန်နိုင်အောင် ပြောင်းလဲထားတဲ့ ပုံစံမျိုးရှိသလို ဦးခေါင်းခွံကို CT scan ဖတ်ကြည့်ရာမှာလည်း ဦးနှောက်နဲ့ နားအတွင်းပိုင်း တည်ဆောက်ပုံတွေကိုပါ တွေ့မြင်ခဲ့ရပါတယ်။
ဒီတွေ့ရှိချက်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဒီဒေသဟာ အခုလို ကန္တာရမဟုတ်ဘဲ ရေကန်တွေ၊ မြစ်တွေနဲ့ ပြည့်နှက်နေခဲ့တယ် ဆိုတာကို သက်သေပြနေပါတယ်လို့ ဆိုပါတယ်။
Source: Reuters











