DVB Logo
Home
မြန်မာသတင်း
စလင်းမြို့အနီး စစ်တပ်က နယ်မြေရှင်းလင်းပြီး ရွေးကောက်ပွဲ၌ မဲထည့်ရန် ခြိမ်းခြောက်
DVB
·
November 24, 2025
စလင်းမြို့အနီး စစ်တပ်က နယ်မြေရှင်းလင်းပြီး ရွေးကောက်ပွဲ၌ မဲထည့်ရန် ခြိမ်းခြောက်
Donate to DVB

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နားက ကျေးရွာတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေး ဝင်နေပြီး ရွေးကောက်ပွဲမှာ မဲထည့်ဖို့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စလင်းမြို့နားမှာရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ ပျိုးခင်းကုန်းရွာ၊ ပေါက်ကုန်းရွာနဲ့ ငါးဇင်ရိုင်းကုန်းရွာတွေဟာ စစ်တပ်ရန်ကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ရွာတွေ ဖြစ်ပါတယ်။

အဲဒီကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက စတင်ဝင်ရောက်လာတာဖြစ်ပြီး ဒီတခါ စစ်ကြောင်းဝင်လာချိန်မှာတော့ နေအိမ်တွေကို မီးမရှို့ဘဲ နယ်မြေရှင်းလင်းတဲ့ပုံစံနဲ့ ဝင်ရောက်လာတာလို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။

“မနေ့က သူတို့ဝင်တာဆိုရင် ဒိုင်နာ ၃ စီးနဲ့ ဆယ်ဘီးတစီးနဲ့ Light Truck တစီးနဲ့ Double Cap တစီးနဲ့ ၆ စီးဝင်တာ၊ ရွာစဥ်လှည့်တယ်၊ ရွာတွေထဲ ဝင်တယ်၊ ပြည်သူတွေက ရွာတွေထဲ ပြန်မကပ်ရသေးတော့ ရွာထဲမှာ သူတို့ ဘာလုပ်ခဲ့လဲ မသိဘူး။ မီးတော့မရှို့ဘူး။”

အဲဒီနောက် စစ်ကြောင်းဟာ ဧရာဝတီမြစ်နဲ့ စလင်းမြို့ကြားမှာရှိတဲ့ မြစ်နားကျေးရွာဘက်တွေကို ကားတွေနဲ့ လိုက်စစ်ဆေးနေပြီး နိုဝင်ဘာ ၂၄ ရက်မှာ စလင်းမြို့ကို ပြန်ဝင်လာတယ်လို့ ဆိုပါတယ်။

အလားတူ စလင်းမြို့ပေါ်ကနေလည်း မြို့ရဲ့ ၂ မိုင်ပတ်လည်မှာရှိနေတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ဒီရက်ပိုင်း ပစ်နေသလို မြို့ထဲမှာ ရွေးကောက်ပွဲအတွက် မဲထည့်ဖို့ ဖိအားပေး ခြိမ်းခြောက်မှုတွေ ကြုံနေရတယ်လို့ စလင်းမြို့ခံတွေက ဆက်ပြောပြပါတယ်။

ဒါ့အပြင် စလင်းမြို့ပေါ်က Day တက်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ပြီးခဲ့တဲ့အပတ်က မဲကြိုထည့်ခိုင်းတာတွေ ရှိနေပြီး အလားတူ ရေနံချောင်းနဲ့ မကွေးဘက်မှာ အဝေးသင်တက်နေတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာလည်း မဲထည့်ဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရတယ်လို့ စလင်းမြို့ခံက ဆက်ရှင်းပြပါတယ်။

“ပြီးခဲ့တဲ့ ၁၇၊ ၁၈၊ ၁၉ ရက်တွေမှာ Day တက်နေတဲ့ စလင်းမြို့က ကလေးတွေ မဲပေးလိုက်ရပြီ။ ရေနံချောင်းနဲ့ မကွေးဘက်မှာဆိုလည်း အဝေးသင်တက်နေတဲ့ ကလေးတွေကို မဲမထည့်ရင် ကျောင်းပေးမတက်ဘူးတို့၊ ဖမ်းခံချင်လို့လားတို့ အဲလိုခြိမ်းခြောက်တာ။”

နိုဝင်ဘာ ၂၀ ရက်မှာ စလင်းမြို့ ထွေအုပ်ရုံးကနေ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဆီကနေ မဲကောက်ခံနေတာဖြစ်ပြီး လုံခြုံရေးအတွက် ရဲနဲ့ ပျူစောထီးတွေ ချထားတယ်လို့ ပြည်သူ့ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက DVB ကို ထပ်မံအတည်ပြုပေးပါတယ်။

မြန်မာနိုင်ငံတဝန်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေ ကြိုတင်ဆန္ဒမဲပေးရာမှာ သတ်မှတ်ကာလအတွင်း မဲပေးသူ စုစုပေါင်း ၂၈,၃၃၉ ယောက် ရှိတယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013