
ကရင်နီပြည်က အကူအညီပိုလိုအပ်နေတဲ့ အိမ်ထောင်စု ၁၂၀၀ လောက်ကို ဘက်စုံသုံးနိုင်ဖို့ ငွေသား ကူညီပံ့ပိုးခဲ့တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO က ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
လွိုင်ကော်မြို့နယ် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ရှားတောမြို့နယ်တို့က ကိုယ်ဝန်ဆောင်၊ အမျိုးသမီးဦးဆောင်မိသားစု၊ ကလေးဦးဆောင်မိသားစု၊ သက်ကြီးရွယ်အိုများတဲ့မိသားစု၊ မသန်စွမ်း၊ ရှင်သန်ကျန်ရစ်သူတွေကို အဓိကထားပြီး အိမ်ထောင်စုတခုကို ငွေသား ၂ သိန်းကနေ ၃ သိန်းအထိ ကူညီပံ့ပိုးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
KNWO တာဝန်ရှိသူတယောက်က ဂလမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ပြီး ကုန်စျေးနှုန်း မြင့်တက်တဲ့အပေါ်မှာ လူထုက စားနပ်ရိက္ခာဝယ်စားဖို့အတွက် ဝင်ငွေမရှိတော့ ပိုခက်ခဲတဲ့ မိသားစုတွေ စားနပ်ရိက္ခာ ပြတ်လပ်တဲ့အပေါ်မှာ တဖက်တလမ်းက ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး ကူရခြင်းဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။
ကရင်နီပြည်မှာ စစ်ရှောင်ပြည်သူ ၂ သိန်းခွဲကျော်ရှိနေပြီး စစ်ရှောင်ကာလကြာမြင့်တာ၊ အလှူရှင် နည်းပါးတာ၊ စီးပွားရေးလုပ်ကိုင်စားသောက်ဖို့ ခက်ခဲတာတွေကြောင့် စားဝတ်နေရေး အခက်အခဲ တွေ ပိုကြုံလာရတာဖြစ်လို့ ပိုမိုခက်ခဲတဲ့ အိမ်ထောင်စုတွေကို ကူပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
KNWO ဟာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ သင်တန်းတွေ ပို့ချတာ၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးတာ၊ အသိပညာပေးနှိုးဆော်တာ၊ အမျိုးသမီး အရေး တက်ကြွလှုပ်ရှားတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။










