DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်သေဆုံး
DVB
·
November 24, 2025
ခင်ဦးမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နိုဝင်ဘာ ၂၃ ရက်က တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာမှာ စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၈၀ လောက် သေဆုံးပြီး လေကြောင်းက ပစ်ကူပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းတခုဟာ ကန့်ဘလူမြို့နယ် ကျောက်တိုင်ရွာနဲ့ ကျည်စုရွာဘက်ကနေ ခင်ဦးမြို့နယ်ကို နိုဝင်ဘာ ၂၀ ရက်က စတင် စစ်ကြောင်းထိုးဝင်ရောက်လာကာ မုံလှရွာအတွင်း ယာယီတပ်စွဲထားပြီးနောက် စစ်ကြောင်းထွက်လာစဉ် မနေ့မနက် ၁၀ နာရီခွဲက စတင် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က “တိုက်ပွဲက လက်နက်ပစ်တဲ့အသံက ပစ်လိုက်၊ ရပ်လိုက်နဲ့ ကြားနေရတယ်။ မုံလှရွာက‌နေ စစ်ကြောင်း စထွက်ကတည်းက တိုက်ပွဲဖြစ်တယ်။ ကလုံရွာဘက်မှာလည်း တိုက်ပွဲကဖြစ်သေးတယ်။ စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားပြီး မိုင်းမိတာက အတော်သေတယ်လို့ ကြားရတယ်။ ရှေ့တန်းရဲဘော်တွေ ပြောစကားအရဆိုရင် ၈၀ ထက်မနည်းသေဆုံးပြီး စစ်ကြောင်း ဖရိုဖရဲဖြစ်ကာ တပ်ပျက်ပြီး ထွက်ပြေးကြတယ်လို့ သိထားရတယ်။ ည‌နေ ၃ နာရီခွဲမှာ သူတို့ဘက်က စစ်‌‌ရှုံးပြီး လေယာဉ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိမယ်လို့ ယူဆပြီး ညောင်ကိုးကိုင်းရွာဘက် ဗုံးသီး ၂ လုံး ကြဲချသွား‌သေးတယ်။ ဖြစ်ချင်တော့ သူတို့ဘက်က စစ်ကြောင်းဖရိုဖရဲဖြစ်ပြီး ထွက်ပြေးတဲ့ သူတွေပေါ် တည့်တည့်ကျပြီး အထိနာ သေဆုံးတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ထံကနေ ကျည်ဆန်မျိုးစုံ အပါအဝင် လက်နက်အများအပြားကို ပြည်သူကာကွယ်ရေးတပ်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အရေအတွက်ကိုလည်း DVB အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တော်လှန်ရေးတပ်ရင်းတခုရဲ့ ခေါင်းဆောင်တယောက်က “တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကိုတော့ သက်ဆိုင်ရာကနေ ထုတ်ပြန်သင့်တဲ့အချိန်အခါရောက်ရင် ထုတ်ပြန်ပါလိမ့်မယ်ဗျ။ အခု‌တော့ တိုက်ပွဲလည်း မပြီးသေးသလို လေယာဉ်ရန်ကလည်း ရှိနေသေးလို့ပါ” လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ နိုဝင်ဘာ ၁၂ ရက်ကလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်စစ်ကြောင်းပျက်ကာ အထိနာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013