DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူခရိုင်တွင် ၆ လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်၊ စစ်သား ၃၀ ကျော်သေပြီး ၉ ဦးဖမ်းမိ
DVB
·
November 22, 2025
ကန့်ဘလူခရိုင်တွင် ၆ လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်၊ စစ်သား ၃၀ ကျော်သေပြီး ၉ ဦးဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ထဲမှာ အခုနှစ် ဧပြီလကနေ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ကျော်သေဆုံး၊ ၉ ယောက် အရှင်ဖမ်းမိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၈ ယောက်လည်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကန့်ဘလူခရိုင်ထဲမှာ အခုနှစ် ဧပြီလထဲကနေ စက်တင်ဘာလထဲဆိုတော့ ၆ လတာ ကာလအတွင်းမှာ ရန်သူဘက်နဲ့ ထိတွေတိုက်ပွဲပေါင်း အကြိမ်ရေ ၂၁၈ ကြိမ်အထိဖြစ်ပွားခဲ့တယ်။ တိုက်ပွဲတွေအတွင်းမှာ ရန်သူ့ဘက်က ၃၂ ယောက်သေပြီးတော့ ၇၀ နီးပါးလောက်ဒဏ်ရာရတယ်။ သုံ့ပန်းအဖြစ် အရှင်ဖမ်းမိသူတွေကတော့ ၉ ယောက်ရှိတယ်။ တိုက်ပွဲတွေအတွင်းမှာ ရန်သူ့လက်ချက်နဲ့ အပြစ်မဲ့ပြည်သူ ၉ ယောက်သေဆုံးခဲ့ပြီးတော့ ၃၃ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်။ လူနေအိမ်ရာချီပြီး မီးရှို့ဖျက်ဆီးခံရတယ်။ အဲဒါတွေကတော့ စုဆောင်းရသမျှလေးတွေကို စုပေါင်းပြီး မှတ်တမ်းတင်ထားတဲ့ အရေအတွက်ပါ။ အသေးစိတ်တော့ မဟုတ်ပါဘူး။ မြေပြင်မှာတော့ ပိုများနိုင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကန့်ဘလူခရိုင်အတွင်းမှာ နေ့တိုင်းဆိုသလို လေကြောင်းတိုက်ခိုက်နေလို့ အဲဒါကိုလည်း မှတ်တမ်းလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော် ၈ ယောက် တိုင်းပြည်နဲ့ပြည်သူအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သလို ရဲဘော်အယောက် ၂၀ နီးပါးဟာလည်း တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်တယောက်က “ကန့်ဘလူခရိုင်ထဲမှာက အခုထိလည်း ရန်သူ့ဘက်ကစစ်ကြောင်းတွေရှိနေသေးလို့ တိုက်ပွဲဖြစ်နေတာတွေရှိသလို စစ်ရေးအခြေအနေတင်းမာနေတဲ့နေရာတွေလည်းရှိတယ်။ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ် ၂ ခုထဲမှာကို ပျူအင်အား ၃၀၀၀ ကျော်ရှိပြီးတော့ စစ်တပ်နဲ့ပျူတွေပေါင်းထိုင်နေတဲ့ အထိုင်စခန်း ၆၀ ကျော်ရှိနေသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေဟာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်မှာရှိတဲ့ ကန့်ဘလူမြို့နယ်ထဲက ဘူးကုန်းနဲ့ စံပါယ်နံ့သာဂိတ်တို့မှာအထိုင်ချပြီး ခရီးသွားပြည်သူတွေကို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၈ ရက်နေ့အတွင်း စစ်ကောင်စီလက်အောက်ခံတွေ အထိုင်ချတပ်စွဲထားတဲ့ ဘူးကုန်းဂိတ်စခန်းမှာ အဓမ္မပေါ်တာဆွဲပြီး ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ် အမျိုးသား ၄ ယောက်ဟာ အချုပ်ထောင်‌ဖောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ထွက်ပြေးခိုလှုံခဲ့ကြပါသေးတယ်။

ကန့်ဘလူမြို့နယ်အတွင်းရောက်ရှိနေကြတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းမှာ ကျောက်တိုင်ကျေးရွာနဲ့ ရေကြည်ဦးကျေးရွာက ပြည်သူ​ပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြပြီး စစ်ကြောင်းတွေရှိနေသေးတဲ့အတွက် မီးလောင်ပျက်စီးတဲ့ အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013