
မကွေးတိုင်း၊ ချောက်မြို့ မြို့မရဲစခန်းကနေ နိုင်ငံရေးအကျဉ်းသားတွေ တင်လာတဲ့ကားကို ချောက်မြို့နယ် ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေ နိုဝင်ဘာ ၁၉ ရက်က မိုင်းဆွဲတိုက်ခိုက်ပြီး နိုင်ငံရေးပြစ်မှုပြစ်ဒဏ် ချခံထားရတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချောက်မြို့နယ် ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ချောက်မြို့နယ် အမှတ် ၃ ပြည်ထောင်စုလမ်းပိုင်းတနေရာမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၅ ယောက် တင်ဆောင်လာတဲ့ကားအပြင် လုံခြုံရေးလိုက်လာတဲ့ကားပါ မိုင်းထိမှန်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့ကာ CGF တော်လှန်ရေးတပ်ဖွဲ့မှ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရပြီး ထောင်ဒဏ် ၂၂၃ နှစ် ချမှတ်ခံထားရတဲ့ တပ်ဖွဲ့ဝင်တယောက်ကို ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဘကောင်းက “ခုမစ်ရှင်မှာ ကယ်ထုတ်နိုင်ခဲ့တဲ့ တပ်ဖွဲ့ဝင်က စစ်တပ်က အမှုပေါင်းများစွာတပ်ပြီး ထောင် ၂၂၃ နှစ် အချခံထားရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ပါ။ မိုင်းခွဲတိုက်ခိုက်တဲ့အချိန်မှာ အကျဉ်းသားတွေ တင်လာတဲ့ ကားရော လုံခြုံရေးပါလာတဲ့ကားပါ ထိခိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေတယ်” လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီး ကယ်ထုတ်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်က ၂၀၂၃ ခုနှစ်မှာ မစ်ရှင်တွေ အများကြီးလုပ်ဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီး အကျဉ်းချခံထားရတဲ့သူလို့ ဆိုပါတယ်။
ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CGF) အနေနဲ့ ချောက်မြို့နယ်အတွင်းမှာ မစ်ရှင်တွေ လုပ်ဆောင်နေတာဖြစ်လို့ မလိုအပ်ဘဲ အဝေးပြေးလမ်းတွေပေါ် မနက် ၆ နာရီကနေ ည ၉ နာရီအတွင်း မထွက်ကြဖို့နဲ့ CGF ရဲ့ ထုတ်ပြန်ကြေညာချက်တွေကို လေးစားလိုက်နာပေးဖို့ မေတ္တာရပ်ခံတယ်လို့ CGF တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။










