
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲက ရှေးဟောင်းစေတီတွေနဲ့ အဆောက်အအုံတွေရှိတဲ့ ပခန်းငယ် (ခေါ်) ပုဂံငယ်ကျေးရွာကို ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတယောက်က “ပြီးခဲ့တဲ့လ ၂၀ ရက်နေ့ ဝန်းကျင်လောက်ကတည်းက ချောက်မြို့နယ်ထဲကိုဝင်နေတဲ့ စစ်ကြောင်းက ပြန်မထွက်သေးဘဲ စစ်ကြောင်းဆက်ထိုးနေပြီးတော့ အခုလ ၂၅ ရက်နေ့မှာ ချောက်ရဲ့အနောက်တောင်ဘက်မိုင် ၂၀ လောက်ကွာပြီး ပုဂံနဲ့ခေတ်ပြိုင် ရှေးဟောင်းစေတီတွေနဲ့ အဆောက်အအုံ ၁၀၀ နီးပါးရှိတဲ့ ပခန်းငယ် (ခေါ်) ပုဂံငယ်ရွာကိုဝင်ပြီး ရွာထဲမှာ ၄၊ ၅ နေရာခောက်ကို မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။ လှမ်းမြင်ရတာကတော့ မီးလောင်ပျက်စီးတဲ့ အရေအတွက် များနိုင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးမှာ လူနေအိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ပုဂံနဲ့ခေတ်ပြိုင် ယဉ်ကျေးမှု ထွန်းကားခဲ့သလို လက်ရှိ ထိန်းသိမ်းထားရတဲ့ ဘုရားစေတီနဲ့ ရှေးဟောင်းအဆောက်အအုံ ၈၁ ခုရှိတဲ့ ပခန်းငယ် (ခေါ်) ပုဂံငယ်ကျေးရွာကို စစ်တပ်လက်အောက်ခံတွေ မီးရှို့ဖျက်ဆီးတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ မကွေးတိုင်းပကဖ က ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ချောက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်ကြောင်းမှာ အင်အား ၁၀၀ နဲ့ ၂၀၀ ကြား ပါပါတယ်။ အများစုကတော့ ပစ တွေ များတယ်။ တိုက်ပွဲဖြစ်တဲ့ရက်တွေ ရှိခဲ့သလို၊ လက်ရှိကတော့ စစ်ရေးအခြေအနေ တင်းမာနေတဲ့အနေအထားရှိပါတယ်” လို့ ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ဇူလိုင် ၁၅ ရက်နေ့မှာ ချောက်မြို့နယ်၊ ကုန်ကြီး ပျူစောထီးကျေးရွာဘက်ကနေ အိုင့်ကြီးကျေးရွာထဲကို ဝင်ရောက်ကာ လူနေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြတဲ့အပြင် သရက်ကုန်းကျေးရွာက အမျိုးသား ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ပြီးတော့ ပြည်သူ ၂၀ လောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ သလုံသွေးကျေးရွာက အမျိုးသား ၁ ယောက်ကိုလည်း သတ်ဖြတ်သွားခဲ့ကြပြီးနောက် ပခန်းငယ် (ခေါ်) ပုဂံငယ်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးတာလို့လည်း သူကဆက်ပြောပါတယ်။
ချောက်မြို့နယ်ထဲကို တလကျော်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကြောင်းကြောင့် အိုင့်ကြီး၊ သရက်ကုန်း၊ သလုံသွေးကျေးရွာ အပါအဝင် ကျေးရွာ ၁၀ ဝန်းကျင်က ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။











