
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲက နရွဲတောကျေးရွာကို စစ်တပ်စစ်ကြောင်းက သြဂုတ် ၃ ရက်ကစပြီး ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “အခုလ ၃ ရက်နေ့ မနက်စောပိုင်းမှာ ကတိုင်(တောင်)ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ထွက်လာတဲ့ စစ်ကြောင်းက နရွဲတောရွာထဲကို ဝင်လာပြီးတော့ ရောက်ရောက်ချင်းပဲ အိမ်တွေကို မီးရှို့တာ။ မီးခိုးတွေကို တနေကုန်လောက်နီးပါး မြင်နေရပြီးတော့ ညပိုင်းအထိ ရှို့နေတုန်းပဲ။ ၄ ရက်နေ့ ညဦးပိုင်းမှာလည်း တခြားနေရာက အိမ်တွေကို မီးထပ်ရှို့နေပြန်တယ်။ ၃ ရက်နေ့၊ ၄ ရက်နေ့ ၂ ရက်ဆက်တိုက် ရှို့နေတာ၊ အိမ်အရေအတွက် များတယ်။ စစ်ကြောင်းရှိနေသေးတော့ အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး” လို့ ပြောပါတယ်။
အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ အဆိုပါ နရွဲတောကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းကလည်း စစ်တပ်စစ်ကြောင်း ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ အခု မီးရှို့ဖျက်ဆီးခံရတာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ချောက်မြို့နယ် အနောက်ခြမ်းနဲ့ အရှေ့ခြမ်းက ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၂ ကြောင်းခွဲကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ သယ်ဆောင်တာတွေအပြင် လူနေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေတာကြောင့် နရွဲတောကျေးရွာ အပါအဝင် စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။
တိုက်ပွဲအတွင်း ရောက်ရှိနေတဲ့ ချောက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ချောက်အနောက်ခြမ်းက စစ်ကြောင်းက အင်အား ၂၀၀ ကျော် ပါတယ်။ အခု ချောက်အရှေ့ခြမ်း နရွဲတောရွာကို မီးရှို့နေတဲ့ စစ်ကြောင်းကတော့ အင်အား ၄၀၀ ကျော်လောက် ပါတယ်။ တိုက်ပွဲတွေကတော့ စစ်ကြောင်း ၂ ကြောင်းလုံးနဲ့ ဖြစ်နေတယ်။ ကျန်တဲ့ အသေးစိတ်တွေတော့ ပြောလို့မရသေးပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစပြီး ချောက်မြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို တလကျော်ကြာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းဟာ ပုဂံမြို့နဲ့ ခေတ်ပြိုင် ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ပခန်းငယ် (ခေါ်) ပုဂံငယ်ကျေးရွာကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် ရှေးဟောင်းသာသနိက အဆောက်အအုံတွေ အပါအဝင် လူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။










