
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က ဇူလိုင် ၁၃ ရက် ညနေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တယောက် သေဆုံး၊ တယောက် ဒဏ်ရာရခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “၁၃ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ချောက်မြို့နယ်ရဲ့ မြောက်ဘက်ပိုင်းမှာရှိတဲ့ ကန်သစ်ကုန်းရွာကို စစ်တပ်ရဟတ်ယာဥ်က ဗုံးတွေ ကြဲချတိုက်ခိုက်သွားခဲ့တာပါ။ အသက် ၆၃ နှစ်အရွယ် အမျိုးသား ၁ ယောက်ကတော့ နေရာမှာတင် သေဆုံးသွားပါတယ်။ အမျိုးသမီး ၁ ယောက်လည်း ဒဏ်ရာရပြီးတော့ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားပါသေးတယ်” လို့ ပြောပါတယ်။
အဆိုပါကျေးရွာနဲ့ အနီးအနားကျေးရွာဝန်းကျင်တွေမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
ချောက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “ကန်သစ်ကုန်းရွာထဲကို ညောင်ဦးလေတပ်ဘက်က တက်လာတဲ့ ဖိုက်တာနဲ့ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်တွေက ဗုံးတွေကြဲပြီး စက်လက်တွေနဲ့ပါ ဆွဲသွားတာပါ။ စစ်တပ်စစ်ကြောင်းလည်း စလေမြို့ဘက်ကို ထွက်သွားပြီဖြစ်လို့ တိုက်ပွဲဖြစ်တာလည်း မရှိတော့ပါဘူး။ အဲဒီရွာဘက်တွေအများစုက ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာပါ” လို့ DVB ကို ပြောပါတယ်။
စလေမြို့ဘက်ကို ထွက်ခွာသွားတဲ့ စစ်တပ်စစ်ကြောင်းဟာ ချောက်မြို့နယ်အတွင်း ပြန်လည်ဝင်ရောက်လာနိုင်တာကြောင့် ချောက်မြို့နယ်နဲ့ စလေမြို့တွေကြားမှာရှိကြတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိကြဖို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကစလို့ ချောက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေပြီး ကျေးရွာတွေက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ချောက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက် မနက်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကျဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံခဲ့ရပါတယ်။










