DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း စစ်ရှောင်သိန်းချီ အကူအညီလိုအပ်နေ
DVB
·
November 21, 2025
စစ်ကိုင်း စစ်ရှောင်သိန်းချီ အကူအညီလိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်းက မြို့နယ် ၁၀ မြိုနယ်ထက်မနည်းကို စစ်ကောင်စီတပ်က လနဲ့ချီကြာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ တသိန်းထက်မနည်း စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှု ပြန်ရဖို့ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကတည်းက စစ်ကိုင်းတိုင်း ကလေး၊ တမူး၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ကန့်ဘလူမြို့နယ်တွေကို စစ်ကောင်စီတပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ သိန်းနဲ့ချီ တိမ်းရှောင်ခဲ့ရတာလို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်အတွင်း လနဲ့ချီ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၀ ရက်မှာ ဘုရားပြန်ရွာကို ဝင်ရောက်နေရာယူပြီး ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘို-မန္တလေးလမ်း ရွာသာကြီးရွာမှာ ခြေကုပ်စခန်းချပြီး ဘေးပတ်ပတ်လည် ရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ဝက်လက်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုသန့်ဇင်ထွန်းက DVB ကို ပြောပါတယ်။

“Mi-17 နှစ်စင်းနဲ့ ရွာသာကြီးအထိုင်စခန်းကို အင်အားထပ်ဖြည့်သွားတယ်။ အင်အားများသွားတော့ ရွာသာကြီးအထိုင်စခန်း ပတ်ပတ်လည်က ကျေးရွာတွေကို ပတ်ပြီးတော့ မွှေနှောက် မီးရှို့တယ်။ အထိုင်စခန်းကို ပြန်ဝင်လိုက်၊ ပတ်ပတ်လည်ရွာကို ဝင်ဖျက်ဆီးလိုက် အဲလိုလုပ်နေတာ ရှိတယ်။ ဒီနေ့ (နိုဝင်ဘာ ၂၀ ရက်) မနက်ပိုင်းမှာဆိုရင်လည်း ဘုရားပြန်ရွာကို မီးရှို့နေခဲ့တယ်။ အခုလက်ရှိကတော့ စစ်ကြောင်း အနည်းဆုံး နှစ်ကြောင်းလောက်နဲ့ ပတ်ပတ်လည်ရွာတွေကို မွှေနှောက်နေတာရှိတယ်။”

ရွာသာကြီး၊ ဘုရားပြန်၊ တမာကုန်း စတဲ့ရွာတွေ အပါအဝင် ရွာပေါင်း ၂၀ လောက်က ဒေသခံ ၂၀,၀၀၀ ခန့်ဟာ စစ်ကြောင်းနဲ့ ကင်းဝေးတဲ့ နေရာတွေမှာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းက ရေးဦး-ခင်ဦး-ကန့်ဘလူ အစပ်ကို နိုဝင်ဘာလ ပထမအပတ်ကတည်းက စစ်ကြောင်းထိုးလာတာကြောင့် ရွာပေါင်း ၁၈ ရွာလောက်က ဒေသခံ ၁၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကောင်စီ စစ်ကြောင်းထိုးတာအပြင် ဂျိုင်ရိုကော့ပတာ၊ ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုပြီးလုပ်လာတယ်လို့ ရေဦးနယ် အနောက်ခြမ်း သတင်းတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က DVB ကို ပြောပါတယ်။

“ဒီဘက်တွေမှာက စစ်ရေးလှုပ်ရှားမှုမရှိတာ ကြာခဲ့ပြီ။ တနှစ်ကျော်၊ ၂ နှစ်လောက် ရှိပြီပေါ့နော်။ အခု တရားမဝင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ကန့်ဘလူ၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်နယ်တွေမှာ အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လုပ်လာတယ်။ စစ်ရေးလှုပ်ရှားမှုရှိတဲ့ နေရာတိုင်း နေရာတိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်။ စစ်ရေးလှုပ်ရှားမှုရှိတဲ့ နယ်တွေမှ မကဘူး၊ စစ်ရေးလှုပ်ရှားမှုမရှိတဲ့ ကပ်လျက်က မြို့တွေမှာလည်း လေကြောင်းတိုက်ခိုက်မှု ကြုံနေရတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကလည်း ကန့်ဘလူမြို့နယ် တောင်ပိုင်း ယင်းတိုက်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၁၁၁ နဲ့ ပျူစောထီး ပူးပေါင်းတပ် အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် အင်အားထပ်ဖြည့်ကာ ကန့်ဘလူ၊ ရေဦး၊ ခင်ဦး အစပ်နေရာက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်လောက်ကတည်းက ကလေးမြို့မြောက်ပိုင်း ကလေး-တမူး လမ်းပိုင်းနဲ့ မြို့တောင်ပိုင်း ကလေး-ဂန့်ဂေါ လမ်းပိုင်းကိုလည်း အင်အားရာချီပါတဲ့ စစ်ကြောင်းက စစ်ကြောင်းထိုး လှုပ်ရှားနေတာကြောင့် ရွာပေါင်း ၃၀ ကျော်က ဒေသခံ ၃,၀၀၀ ခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ တခြားအကူအညီတွေ ရရှိဖို့နဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ဒုက္ခသည်တွေဆီ ရောက်အောင် ပို့ဆောင်ပေးဖို့ကလည်း အခက်အခဲတွေ ရှိတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတယောက်က DVB ကို ပြောပါတယ်။

“ကျနော်တို့ အညာဘက်မှာ စစ်ရှောင်က နှစ်မျိုး ရှိတယ်။ ရေရှည် စစ်ရှောင်နေရတဲ့သူတွေ ရှိတယ်၊ စစ်ကြောင်းထိုးတဲ့အချိန်မှ ရွာထဲက တိမ်းရှောင်ရတဲ့ ဒုက္ခသည်တွေ ရှိတယ်။ ဒီဒုက္ခသည်တွေ အကုန်လုံးကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ဖို့ဆိုတာ လောလောဆယ် အတော်လေး ခက်ခဲတဲ့ အပိုင်းတွေ ရှိတယ်။ ထောက်ပံ့ရေးပစ္စည်းတွေ စစ်ကိုင်းရောက်လာဖို့ကလည်း စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ခက်ခဲတဲ့အပိုင်းတွေ ရှိတယ်။ ရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လူတန်းစေ့ ထောက်ပံ့ပေးနိုင်ဖို့ကလည်း တချို့က ကိုယ့်အစုဖွဲ့နဲ့ကိုယ် တော၊ တောင်တွေထဲ ဖြစ်သလို နေကြတော့ သူတို့လည်း ကိုယ်တွေကို မဆက်သွယ်မိ၊ ကိုယ်တွေလည်း သူတို့ရှိတဲ့နေရာ ဘယ်နေရာ ဘယ်လိုသွားရမယ်ဆိုတာ လက်လှမ်းမမီတာမျိုးတွေ ရှိတယ်။ အညာမှာက ဒုက္ခသည်တွေ အကူအညီတွေက တကယ်ကို လိုအပ်နေကြတာ။”

ကိုယ်စီ အစုအဖွဲ့နဲ့ ဘေးလွတ်ရာနေရာတွေမှာ ပြန့်ကျဲပြီး စစ်ဘေးရှောင်နေတဲ့ ဒုက္ခသည် အကုန်လုံးနဲ့ ချိတ်ဆက်မိဖို့ကို စာရင်းပြုစုတာတွေ လုပ်နေပြီး အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲမှာ ရေရှည်၊ ရေတို စစ်ရှောင်နေရသူ အနည်းဆုံး တသိန်းအထက်မှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီဒုက္ခသည်တွေထဲမှာ အသက်ကြီးပိုင်း၊ ကလေးသူငယ် အပါအဝင် ကိုယ်ဝန်ဆောင် မိခင်တွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်မှု ကြီးကြီးမားမား ရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်တဲ့ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ကန့်ဘလူ၊ ကသာ၊ ကလေး၊ တမူး မြို့နယ်တွေမှာ စစ်ကောင်စီ စိုးမိုးမှု အားနည်းတဲ့ လမ်းပိုင်းနဲ့ ရွာတွေဘက်ကို လနဲ့ချီကြာ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေပြီး ကျန်မြို့နယ်တွေမှာတော့ မြေပြင်ကနေ စစ်ရေးလှုပ်ရှားတာတွေ မရှိပေမဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013