DVB Logo
Home
Lead Story
မိုးကုတ် မိုးမိတ်မှာ တပ်ပေါင်းစုတွေ ညီညွတ်နိုင်ပါ့မလား
DVB
·
November 21, 2025
မိုးကုတ် မိုးမိတ်မှာ တပ်ပေါင်းစုတွေ ညီညွတ်နိုင်ပါ့မလား
Donate to DVB

မိုးကုတ်၊ မိုးမိတ်တို့ကို TNLA ထံမှ စစ်တပ်က ပြန်လည် လွှဲပြောင်းရယူရေးသည် လားရှိုးကို MNDAA က ပြန်ပေးရခြင်းကဲ့သို့ မရိုးရှင်းလှ။ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ TNLA နှင့် စစ်တပ်တို့ ၉ ကြိမ်မြောက် တွေ့ဆုံမှုအပြီး အောက်တိုဘာလ ၂၉ ရက်တွင် မိုးကုတ်နှင့် မိုးမိတ်တို့မှ တပ်များဆုတ်ခွာတော့မည်ဟု TNLA ၏ ပြန်ကြာရေးဌာနက ရုတ်တရက် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် သတ်မှတ်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်တို့ရှိ ၎င်းတို့၏တပ်များ ဆုတ်ခွာမည်ဟုသာ ယေဘုယျဆန်ဆန် ဖော်ပြထား၏။ နောက်ဆုံးထား ဆုတ်ခွာမည့်ရက်လည်း အတိအကျ မပါ။ စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးသည်ဟုလည်း မဆို။ TNLA ထိန်းချုပ်စဉ်က လက်တွဲလုပ်ကိုင်ခဲ့သော ကျန်းမာရေး၊ ပညာရေး စသည့် အရပ်ဘက်ဝန်ထမ်းများ၏ နေထိုင်ရေးနှင့် ပတ်သက်သော ကိစ္စရပ်များကို ထည့်သွင်းဖော်ပြခြင်းမရှိ။ တုံးတိတိနိုင်လှသော ထုတ်ပြန်ချက်ကြောင့် ဒေသခံပြည်သူများနှင့် အရပ်ဘက်ဝန်ထမ်းများအကြား ပဟေဠိများစွာ ဖြစ်တည်သွားသည်။

TNLA သည် MNDAA ကဲ့သို့ စစ်တပ်က မြို့အတွင်း ရောက်သည်အထိ အကူအညီ ပေးရမည်လား။ သို့မဟုတ် TNLA က သူ့ဘာသာ တပ်ဆုတ်ပြီးနောက် စစ်တပ်က သူ့ဘာသာ လမ်းကြောင်းရှာကာ ဝင်ရောက်လာမည်လော။ TNLA ထိန်းချုပ်စဉ်က လာရောက်ခိုလှုံခဲ့ကြသည့် CDM များ၏ အရေးကို MNDAA ကဲ့သို့ စစ်တပ်နှင့် တွေ့ဆုံစဉ်က ထည့်သွင်း ဆွေးနွေးခဲ့ကြပါ၏လော။ ထိုအချက်များကို TNLA ၏ တရားဝင်ထုတ်ပြန်ချက်တွင် ဘာတခုမျှ ရှင်းရှင်းလင်းလင်း ဖော်ပြမထား။ ထိုအခါ CDM နှင့် ဒေသခံတို့အနေဖြင့် စိုးရိမ်မှု မြင့်တက်လာသလို ထင်ရာ မှန်းဆမှုများလည်း အမျိုးမျိုး ပေါ်ထွက်လာသည်မှာ မဆန်း။

သို့သော် TNLA ၏ ထုတ်ပြန်ချက် ပေါ်ထွက်အပြီး ညပိုင်းမှာပင် MDY-PDF၊ မိုးကုတ်ဗျူဟာတို့၏ ကြေညာချက်များလည်း ပေါ်ထွက်လာသည်။ သို့သော် ထိုအဖွဲ့များ၏ ကနဦး ကြေညာချက်များသည်လည်း ဗဟုဝုစ်ကျနေခဲ့သည်။ မိုးကုတ်နှင့် မိုးမိတ်ကို ကာကွယ်မည်ဟု အတိအလင်း ဖော်ပြထားခြင်းမရှိ။ ၎င်းတို့ထိန်းချုပ်ရာ ဒေသများကို ဆက်လက် ကာကွယ်သွားမည်ဟုသာ ပါ၏။ ထပ်မံမြင်တွေ့လာရသော အခင်းအကျင်းများအရ မိုးကုတ်နှင့် မိုးမိတ်တို့ကို MDY-PDF နှင့် အခြားသော မဟာမိတ်အဖွဲ့များက ကာကွယ်သွားမည့် သဘောရှိသည်။ သို့ငြား ယခုအချိန်အထိ ဒေသခံများ မှန်းဆမရ ဖြစ်နေကြသည်က စစ်တပ်ကို TNLA ကိုယ်တိုင်က ခေါ်သွင်းလာရမည့် အဖြစ်မျိုး ကြုံနိုင်၊ မကြုံနိုင် ဆိုခြင်းပင်။ စစ်တပ် မည်ကဲ့သို့ မြို့ထဲဝင်လာမလဲဆိုသော အချက်က တိုက်ပွဲပုံသဏ္ဌာန် ကွဲပြားစေမည် ဖြစ်၏။

ဒေသခံတချို့ကလည်း TNLA ကိုယ်တိုင်က စစ်တပ်ကို တွဲခေါ်ဝင်လာပါက ထောက်ထားနေရန် မလိုဘဲ မြို့မရောက်မီကပင် ဖြတ်တိုက်ပစ်သင့်သည်ဟု ဆိုကြသည်။ ထိုသို့သာ တိုက်ပွဲစတင်လိုက်ပါက ERO များနှင့် PDF တို့အကြား သွေးခွဲနေသည့် စစ်တပ်နှင့် တပ်လော်ဘီများအတွက် သပ်ကြီးကြီးတချောင်း ထည့်ပေးလိုက်သည်နှင့် တူပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ မိုးကုတ်၊ မိုးမိတ်ဒေသသည် လားရှိုးကဲ့သို့ တိုးတိုးတိတ်တိတ်နှင့် လွှဲပြောင်းမှု ပြီးမြောက်သွားမည့်ဒေသ မဟုတ်သည်မှာ သေချာလှ၏။ ကာကွယ်ရေးအဖွဲ့များက တပ်ပေါင်းစုဖွဲ့ကာ မြို့များ ပြန်မပါရေး ကာကွယ်သွားကြမည် ဖြစ်သည်။

ဤတွင် အခရာကျလာသည်မှာ တပ်ပေါင်းစုသည် မည်မျှညီညွတ်နိုင်မည်လဲ ဆိုသော စိန်ခေါ်ချက် ဖြစ်၏။ ဒေသအသီးသီးတွင် အခြေစိုက်ခဲ့ကြပြီး အမည်အမျိုးမျိုးဖြင့် ဖွဲ့တည်ခဲ့ကြသော PDF အဖွဲ့ခေါင်းဆောင်များသည် မိုးကုတ်၊ မိုးမိတ်ဒေသကာကွယ်ရေး ခေါင်းစဉ်ကြီး၏အောက်တွင် မိမိတို့အဖွဲ့၏ အတ္တ၊ မာနတို့ကို ခဝါချထားနိုင်ပါမည်လော။ ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် ဧည့်သည်ကာကွယ်ရေးအဖွဲ့တို့အကြား ပွတ်တိုက်မှုများ မဖြစ်ပေါ်အောင် ရှောင်လွှဲနိုင်ကြပါမည်လော။ NUG (MOD) ၏ Chain of Command အတိုင်း နာခံ တိုက်ပွဲဝင်နိုင်ကြပါမည်လော။ ထိုအချက်များက တပ်ပေါင်းစုအတွက် စိန်ခေါ်ချက်များ ဖြစ်သည်ကို ကြိုတွေး‌ထားကြရန် လိုပေလိမ့်မည်။

တသွေး၊ တသံ၊ တမိန့် စနစ်ကို ကျင့်သုံးသော စစ်တပ်ကို “သူတလူ၊ ငါတမင်း” နည်းလမ်းဖြင့် ရင်ဆိုင်ပါက “သူလည်း ကျဆုံး၊ ငါ စမုံတုံး” ဖြစ်သွားသည်ကို လွတ်လပ်ရေးရပြီးစက အားကောင်းမောင်းသန် ပေါ်ထွက်ခဲ့သည့် ရဲဘော်နီ၊ ရဲဘော်ဖြူ ခေါ် စစ်တပ်အသုံးအနှုန်းအရ ရောင်စုံသူပုန်ခေတ် ကျဆုံးခဲ့သလို ကာကွယ်ရေးအဖွဲ့ အသီးသီးသည်လည်း နိဌိတံကျရမည် ဆိုသော အချက်ကို အထူးသတိချပ်သင့်၏။ မိုးကုတ်၊ မိုးမိတ်ဒေသ စစ်တပ်လက်အောက် မကျရောက်ရေး ကာကွယ်မှုသည် ဒေသခံများအတွက် အရေးကြီးသည်သာမက ပြည်တွင်းပြည်ပရှိ တော်လှန်ရေးအင်အားစု၏ စိတ်ဓာတ်အတက်အကျ ဖြစ်ပေါ်နိုင်စွမ်း ရှိသည်ကိုလည်း ကာကွယ်ရေးအဖွဲ့ အသီးသီး၏ ခေါင်းဆောင်အဆင့်ဆင့် အနေဖြင့် သတိပြုသင့်သည်။ မိုးကုတ်၊ မိုးမိတ် ကာကွယ်ရေးသည် PDF နှင့် မဟာမိတ်တို့၏ စွမ်းဆောင်နိုင်စွမ်းကို နိုင်ငံတကာသိ ပြသနိုင်မည့် အခွင့်အလမ်း ဖြစ်သကဲ့သို့ အထွေထွေထိုးစစ်၏ မြစ်ဖျားခံရာလည်း ဖြစ်စေနိုင်သောကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့အသီးသီး၏ ခေါင်းဆောင်များအနေဖြင့် အတ္တ၊ မာနတို့ကို ပယ်ခွာ၍ ရေပက်မဝင်သော စုစည်းညီညွတ်မှုကို တည်ဆောက်နိုင်ကြပါစေကြောင်းပါ ခင်ဗျား။

စိုင်းမင်းအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013