
ကမ္ဘာ့ရွှေဈေး ပြန်လည်အားပျော့လာတာနဲ့အတူ ပြည်တွင်း ၁၆ ပဲရည် အခေါက်ရွှေဈေးလည်း ပြန်ကျလာပြီး လက်ရှိမှာ တကျပ်သားကို ကျပ် ၁၀၁ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်က ကမ္ဘာ့ရွှေဈေး မြင့်တက်ခဲ့ချိန်မှာ ပြည်တွင်းအခေါက်ရွှေဈေးက ကျပ် ၁၀၂ သိန်းခွဲဝန်းကျင်အထိ ရောက်ခဲ့ပေမဲ့ အခုတော့ တပတ်အတွင်း ကျပ် ၁ သိန်းကျော် ပြန်ကျလာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ဇွန် ၃ ရက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၄၃၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ၄,၄၈၀ ဒေါ်လာဝန်းကျင်ကို အနည်းငယ် ဈေးပြန်မာလာပါတယ်။
ဒါပေမဲ့ မေ ၂၉ ရက်က ရောက်ခဲ့တဲ့ ၄,၅၂၀ ဒေါ်လာဝန်းကျင်နဲ့ ယှဉ်ရင် နိမ့်နေဆဲ ဖြစ်ပါတယ်။ ဈေးကွက်လေ့လာသူတွေကတော့ အမေရိကန် အလုပ်အကိုင်ဈေးကွက် အားကောင်းနေဆဲ ဖြစ်တာကြောင့် ဗဟိုဘဏ်တွေ အတိုးနှုန်းကို မြင့်မားတဲ့အဆင့်မှာ ဆက်ထိန်းထားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက် မြင့်တက်လာပြီး ရွှေဈေးအပေါ် ဖိအားဖြစ်စေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။
ဒါပေမဲ့ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံရေးတင်းမာမှုတွေ၊ ငွေဖောင်းပွမှုအပေါ် စိုးရိမ်ချက်တွေ ဆက်ရှိနေသေးတာကြောင့် ကမ္ဘာ့ရွှေဈေးဟာ မတည်ငြိမ်တဲ့ အခြေအနေမှာ ဆက်ရှိနေနိုင်ပြီး ပြည်တွင်း ရွှေဈေးမှာလည်း အတက်အကျတွေ ဆက်ဖြစ်နိုင်တယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ်။
Photo: DVB










