DVB Logo
Home
နိုင်ငံတကာ
ရာဇဝတ်မှုတိုက်ဖျက်ရန်နှင့် လုံခြုံရေးမြှင့်တင်မည့် အစီအစဉ် မက္ကဆီကိုသမ္မတ ကြေညာ
DVB
·
November 21, 2025
ရာဇဝတ်မှုတိုက်ဖျက်ရန်နှင့် လုံခြုံရေးမြှင့်တင်မည့် အစီအစဉ် မက္ကဆီကိုသမ္မတ ကြေညာ
Donate to DVB

မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံအနောက်ပိုင်းရှိ အကြမ်းဖက်မှုတွေ ထူပြောလှတဲ့ မီချွာကန်းပြည်နယ်မှာ ရာဇ၀တ်မှုတွေကို တိုက်ဖျက်ဖို့နဲ့ လုံခြုံရေးကို မြှင့်တင်မယ့် အစီအစဉ်တွေကို ထုတ်ဖော်ကြေညာပါတယ်။

မီချွာကန်း ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအတွက် အစီအစဉ်လို့ ခေါ်တွင်တဲ့ ဒီစစ်ဆင်ရေးအတွက် ပီဆို ၅၇ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်းလည်း သမ္မတ ရှိန်းဘောင်းမ်က ပြောပါတယ်။

အူရွာပန်မြို့တော်ဝန် မန်ဇိုကို ရဲရဲတင်းတင်း လူမြင်ကွင်းမှာ လုပ်ကြံသတ်ဖြတ်မှုကြောင့် တနိုင်ငံလုံး တုန်လှုပ်ချောက်ချားမှု ဖြစ်ပေါ်စေပြီးနောက်မှာ သမ္မတက ဒီအစီအစဉ်ကို ကြေညာခဲ့တာပါ။

ဒီအစီအစဉ်ရဲ့ တိုးတက်မှုကို ၁၅ ရက်တကြိမ် ကိုယ်တိုင် စစ်ဆေးပြီး အများပြည်သူသိရှိအောင် လုပ်ဆောင်သွားမယ်လို့ သမ္မတ ရှိန်းဘောင်းမ်က ပြောပါတယ်။ 

မီချွာကန်း ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပြည်နယ်ရှေ့နေချုပ်ရုံးတို့ကို အားကောင်းစေမှာဖြစ်ပြီး ဒီစစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် မက္ကဆီကိုရဲ့ ကြည်းတပ်၊ လေတပ်နဲ့ အမျိုးသားအစောင့်တပ်က အဖွဲ့ဝင် ၁၀,၅၀၀ ကျော်ဟာ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရေး၊ ငွေညှစ်ခြင်းတွေကို တိုက်ဖျက်ရေးနဲ့ မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းတွေနဲ့ လေ့ကျင့်ရေးစခန်းတွေကို ဖျက်သိမ်းရေးတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်က မီချွာကန်းပြည်နယ်ရဲ့ သေလွန်သူများနေ့ အခမ်းအနားတွေအတွင်း အူရ်ဝါပန် မြို့တော်ဝန် ကားလော့စ်မန်ဇိုဟာ သူ့ရဲ့သားငယ်ကို ပွေ့ချီထားရင်း မိန့်ခွန်းပြောနေချိန်မှာ ပစ်သတ်ခံရပြီးနောက် ပြည်သူတွေ ဒေါသထွက်ခဲ့ကြပြီး ပိုမိုဆိုးရွားလာတဲ့ လုံခြုံရေး အကျပ်အတည်းကို အရေးယူဆောင်ရွက်ဖို့ ရှိန်းဘောင်းမ် အစိုးရကို ဖိအားပေးခဲ့ကြပါတယ်။

မီချွာကန်းပြည်နယ်ရှိ သံပုရာသီးနဲ့ ထောပတ်သီး ထုတ်လုပ်သူတွေဟာ နှစ်ပေါင်းများစွာ ကာတယ်လ်ဂိုဏ်းအကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ ငွေညှစ်ခြင်း၊ ပြန်ပေးဆွဲခြင်းနဲ့ သတ်ဖြတ်မှုတွေကို ရှုတ်ချခဲ့ကြပါတယ်။

မန်ဇိုရဲ့ဇနီး ဂရေစီယာ ကွီးရော့ဇ်ဟာ သူ့ခင်ပွန်းရဲ့ အူရွာပန် မြို့တော်ဝန်နေရာမှာ အစားထိုးဖို့ နိုဝင်ဘာ ၅ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ရာဇဝတ်ဂိုဏ်းတွေကို ဆက်လက် တိုက်ဖျက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အာဏာပိုင်တွေဟာ  နိုဝင်ဘာ ၆ ရက်မှာ အသက် ၁၇ နှစ်အရွယ် ဗစ်တာ မန်နျူရယ် အူဘာလ်ဒိုကို မန်ဇို ပစ်ခတ်ခံရမှုမှာ ကျူးလွန်သူအဖြစ် စွပ်စွဲဖော်ထုတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေဟာ အခင်းဖြစ်ပွားရာ နေရာမှာပဲ အူဘာလ်ဒိုကို သတ်ဖြတ်ခဲ့ပါတယ်။

မီချွာကန်း ပြည်နယ်ရှေ့နေရုံးကတော့ ဒီဖြစ်ရပ်မှာ တခြားပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေကြောင်း ပြောကြားခဲ့ပါတယ်။

မက္ကဆီကို လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖွှတ်ချ် ကတော့ သံသယရှိသူဟာ ဟော်ရ်ဟဲ အမန်းဒို “အန်” လို့ ဖော်ထုတ်ထားတဲ့ ဉာဏ်ရည်ထက်တဲ့ စာရေးဆရာတွေထဲက တယောက်ဖြစ်ပြီး ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှ ရာဇဝတ်ဂိုဏ်းရဲ့ ခေါင်းဆောင်‌တယောက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ ဟာလစ္စကို မျိုးဆက်သစ် ကာတယ်လ် (CJNG) နဲ့ ဆက်စပ်ပြီး မီချွာကန်းမှာ လှုပ်ရှားနေတဲ့ အဖွဲ့ခွဲတခုနဲ့ ဆက်စပ်နေကြောင်းလည်း ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013