
ချင်းပြည်နယ်မြောက်ပိုင်း ဇိုဂမ်ဒေသက တီးတိန် ကပ်တဲလ်၊ လိုင်လွီနဲ့ မေတေးချောင်း အနီးတဝိုက် အပါအဝင် တီးတိန်မြို့နဲ့ ရိခေါဒါရ်မြို့ကို ချိတ်ဆက်ထားတဲ့ လမ်းပိုင်းတွေမှာ လုံခြုံရေး အခြေအနေတွေကြောင့် အသွားအလာမလုပ်ကြဖို့ ချင်းတော်လှန်ရေးအဖွဲ့တွေက သတိပေး တားမြစ်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ZFU နဲ့ Zoland PDF စခန်းကနေ စစ်သုံ့ပန်းအယောက် ၈၀ လောက်က လက်နက်တွေယူပြီး ထွက်ပြေးသွားတဲ့အတွက် လိုက်လံဖမ်းဆီးရာကနေ စက်တင်ဘာ ၁၄ ရက်နေ့မှာ ကပ်တဲလ်ရွာအနီး ထိတွေ့မှုဖြစ်ကာ သင်းအုပ်ဆရာတော် တပါး ကျည်သင့်သေဆုံးခဲ့ပါတယ်။
လက်ရှိအချိန်အထိ လက်နက်တွေနဲ့အတူ စစ်သုံ့ပန်းအချို့ လွတ်မြောက်နေဆဲဖြစ်တာမို့ လမ်းပိုင်းလုံခြုံရေးအတွက် တီးတိန် ကပ်တဲလ်၊ လိုင်လွီနဲ့ မေတေးချောင်း အနီးတဝိုက်ကို အသွားအလာတားမြစ်ထားတာလို့ DVB ရဲ့ စစ်ရေးရင်းမြစ်က ဆိုပါတယ်။
“ပြန်မိတဲ့သူတွေလည်း ရှိတယ်။ အခုထိလည်း ရှာနေကြတုန်းပဲ။ သိပ်စိတ်မချရတာက ကလေး-တီးတိန်-လိုင်တွီးတော့ အိန္ဒိယ ကုန်သွယ်လမ်း အမှတ် ၂ အဲဒီဘက်တွေကို ပိတ်တာ၊ စစ်ကြောင်းတွေ ဝင်နေတာလည်း ရှိတယ်။ ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အမြဲသတိရှိကြပါလို့ပဲ ပြောချင်ပါတယ်။”
စစ်တပ်ဝါဒဖြန့် ချန်နယ်တွေမှာတော့ ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းတွေဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာ တီးတိန်မြို့နယ်က စစ်တပ်စစ်ကြောင်း နဲ့ ပေါင်းသွားပြီလို့ ဖော်ပြနေကြပါတယ်။
DVB အနေနဲ့ ဒီကိစ္စကို အတည်ပြုနိုင်ဖို့ Zoland PDF ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
တီးတိန်မြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်တပ်ကတော့ ဒီရက်ပိုင်း စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနေတဲ့အတွက် တီးတိန်နဲ့ ရိခေါဒါရ်ကို ဆက်သွယ်ထားတဲ့လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ CDF-Hualngoram က စက်တင်ဘာ ၁၆ ရက်နေ့မှာ ထပ်မံထုတ်ပြန်ထားပါတယ်။
ဒေသခံတွေရဲ ပြောပြချက်အရ တီးတိန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းကနေ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကြောင်းထွက်သွားတဲ့အတွက် တီးတိန်အနီးတဝိုက် ဒီရက်တွေမှာ တိုက်ပွဲသံတွေ ကြားနေရတယ်လို့ အတည်ပြုပါတယ်။
ဒေသခံတယောက်က “စစ်တပ်ကလည်း တီးတိန်ကနေ တီးအိုချောင်းဘက်ကို မော်တော်ယာဉ် အဝင်အထွက်တွေ ပိတ်ထားတယ်။ စစ်ကြောင်းက တီးတိန်နဲ့ လိုင်လွီကြား မဏိပူရမြစ်ဘက်မှာ စစ်ကြောင်းတကြောင်း၊ နောက် အခုပိတ်ထားတဲ့ ကပ်တဲလ်နဲ့ တွီးသော့ခ်ရွာဘက်မှာ စစ်ကြောင်းတကြောင်း အဲဒီလိုတော့ ရောက်နေပြီကြားတယ်” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေဟာ ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲ၊ ဖလမ်းမြို့သိမ်းတိုက်ပွဲနဲ့ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေကနေ ဖမ်းဆီးရမိထားတဲ့ ဗိုလ်မှူးကနေ ဗိုလ်ကြီးအဆင့်ထိ ပါတဲ့ သုံ့ပန်းတွေ ဖြစ်ပါတယ်။
အဲဒီထွက်ပြေးသွားတဲ့သူတွေထဲက အယောက် ၄၀ ဝန်းကျင်လောက်ဟာ တီးတိန်အခြေစိုက် စစ်အာဏာရှင် ခလရ ၂၆၉ တပ်ရင်းစခန်းကို ပြန်ရောက်သွားပြီလို့ သတင်းတွေ ထွက်နေပေမဲ့ အတည်မပြုနိုင်သေးပါဘူး။











