
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုမြို့တော်က ဗီလာကန်နေဒီ ရပ်ကွက်မှာ နိုဝင်ဘာ ၁၉ ရက်က ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတခုအတွင်း အနည်းဆုံး လူ ၂ ယောက် သေဆုံးပြီး ၈ ယောက် ဖမ်းဆီးခံခဲ့ရကြောင်း ပြည်နယ် အရပ်ဘက်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
အခုစစ်ဆင်ရေးဟာ ပြီးခဲ့တဲ့လက ရဲအရာရှိ ၄ ယောက် အပါအဝင် လူ ၁၂၁ ယောက် သေဆုံးခဲ့ရတဲ့ ဘရာဇီးသမိုင်းမှာ အသေအပျောက်အများဆုံး ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုအပြီးမှာ လုပ်ဆောင်ခဲ့တာပါ။
ဒေသအာဏာပိုင်တွေရဲ့ အဆိုအရ စစ်ဆင်ရေး ၂ ခုစလုံးဟာ မြို့ရဲ့ တောင်ကုန်းတွေတလျှောက် ယှက်နွယ်နေတဲ့ လူဦးရေထူထပ်တဲ့ ဆင်းရဲသားရပ်ကွက် အများအပြားမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ထိန်းချုပ်ထားတဲ့ ကိုမန်းဒို ဗဲလ်မေယို ဂိုဏ်းကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
“ဒါဟာ ‘Operation Containment’ ရဲ့ နောက်ထပ်အဆင့်တခုဖြစ်ပြီး ကိုမန်းဒို ဗဲလ်မေယို ဂိုဏ်းကို ရာဇဝတ်မှုအမျိုးမျိုးနဲ့ တိုက်ခိုက်နေတာကို အလေးပေး ဖော်ပြနေပါတယ်” လို့ အရပ်ဘက်ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ပြောပါတယ်။ မူးယစ်ဆေးဝါး အမြောက်အမြားကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က စီးနင်းမှုမှာ ရဲတွေနဲ့ ထိပ်တိုက်တွေ့မှုအတွင်း ရာဇဝတ်သား ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရဲတပ်ဖွဲ့က သီးခြားကြေညာချက်မှာ ပြောပါတယ်။
Source: Reuters










