DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ စစ်ကြောင်းထိုးမည်ကို စိုးရိမ်ပြီး ဖာပွန်ဒေသခံများ နေရာပြောင်းရွှေ့
DVB
·
November 20, 2025
စစ်ကောင်စီ စစ်ကြောင်းထိုးမည်ကို စိုးရိမ်ပြီး ဖာပွန်ဒေသခံများ နေရာပြောင်းရွှေ့
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့ စစ်ရေးပြင်ဆင်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်ပြီး လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်း စစ်ရှောင်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲ အပိုင်း ၂ ကို စစ်ကောင်စီက  ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ် ၁၀၀ မှာ ကျင်းပသွားမှာဖြစ်ပြီး ကရင်ပြည်နယ်မှာတော့ ဖာပွန်မြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ် ၂ ခုမှာ  ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က (DKBA) ဗိုလ်ဘိအဖွဲ့၊ ကရင်နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ မြေပြင် ဝေဟင် ပစ်ကူရယူပြီး စစ်ကြောင်းထိုးနိုင်ဖို့ ကမမောင်းမြို့အထက်နားက ဝါးဒူးကျေးရွာမှာ စစ်ရေးပြင်ဆင်နေတာကြောင့် စစ်ကြောင်းထိုးလာမှာကို စိုးရိမ်ပြီး လုံခြုံမယ်ထင်တဲ့နေရာတွေမှာ ရွှေ့ပြောင်းပြီး စစ်‌ရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ဖာပွန်-ကမမောင်းလမ်းကနေကပဲ စစ်ကြောင်းက တက်တာလေ။ ကားလမ်းကြောအတိုင်းပေါ့။ ကားလမ်းဘေးတကြောက လူတွေ သိပ်မရှိတော့ဘူး။ ဒီဘက် စစ်ရှောင်ကုန်ပြီ။ တချို့လည်း အလုပ်အကိုင်ရှိတော့ မရှောင်တဲ့သူတွေလည်း မရှောင်ကြဘူး။ ဘယ်လိုပြောမလဲ ကြောက်ကြတော့လည်း ပြေးကြတယ်။ တချို့ ကားလမ်းနဲ့ ဝေးတဲ့ ရွာတွေကို ရွှေ့ကြတယ်။ ရွာသားတွေကတော့ ကားလမ်းနဲ့ ဝေးတဲ့နေရာတွေက နီးတဲ့နေရာထက် ပိုလုံခြုံတာပေါ့။ အနည်းဆုံး ကားလမ်းနဲ့ မိုင် ၂၀၊ ၃၀ လောက်ဝေးတဲ့နေရာတွေ ရွှေ့ကြတယ်။ ကားလမ်းက မရွှေ့ရင် စစ်မြေပြင်ထဲရောက်မယ်။ အန္တရာယ်ရှိတာပေါ့။ သူတို့အတွက် စိုးရိမ်စရာရှိတော့ ရွှေ့ကြတာ” လို့ ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးပြီး လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့အနီးအနားကျေးရွာက ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါးဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

လက်ရှိမှာလည်း ဒေသခံတွေဟာ စပါးရိတ်သိမ်းချိန်နဲ့ တောင်ယာသိမ်းချိန်ဖြစ်လို့ လုပ်ငန်းခွင်ဝင်ရောက်နေသူတွေလည်း ရှိပါတယ်။ 

ဒါကြောင့် စစ်ကောင်စီ စစ်ကြောင်းထိုးလာရင် တောင်ယာနဲ့ ဥယျာဉ်ခြံတွေမှာ ယာယီတိမ်းရှောင်နေသူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတယောက်က ပြောပါတယ်။ 

“ဒေသခံတွေက တောထဲမှာပဲ သူတို့ရဲ့တောင်ယာတွေ၊ ဥယျာဉ်ခြံတွေမှာ တချို့က သွားပြီး ယာယီရှောင်နေတာမျိုးတွေ ရှိတယ်။ သို့သော်လည်းပဲ စစ်ကြောင်းထိုးလို့ ထိပ်တိုက်တိုးရင်တော့  ဒါကတော့ အန္တရာယ်အရမ်းများတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ နောက်တခုက လေကြောင်းကနေ စစ်ကူလာပြီး တိုက်ခိုက်မယ်ဆိုရင်လည်း အဲဒီတနေရာလုံးက လုံခြုံတယ်လို့ ပြောလို့မရဘူး။ အသက်အန္တရာယ် အရမ်းစိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။ စကမ (စစ်ကော်မရှင်) ကတော့ သူရဲ့ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ပြီး လုပ်နေတာဖြစ်တယ်။ ဒီထဲမှာ ကျနော်တို့ ပြည်သူတွေက  အရမ်းကို သတိထားရမယ်။”

ဖာပွန်မြို့နယ်အတွင်း စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ဘက်က လက်မခံဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။  

ဒါကြောင့် ထိုးစစ်ဆင်လာရင် တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှာကို စစ်‌ရှောင်တွေက စိုးရိမ်နေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  တပ်မဟာ ၅ တာဝန်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“စစ်ကော်မရှင်က ထိုးစစ်ဆင်လာမှာနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေက တော်တော်လေး စိုးရိမ်ကြတယ်။ ဘာဖြစ်လို့လဲဆို  ထိုးစစ်ဆင်လာပြီဆိုရင်တော့ အကြီးအကျယ်  တိုက်ပွဲတွေဖြစ်ပြီး သူတို့ လေယာဉ်ပျံနဲ့လာပြီးတော့ စစ်ကူတွေ တအားလုပ်မယ်ဆိုရင်တော့ စစ်ဘေးရှောင်တွေအတွက် တော်တော်လေးကို အခက်အခဲတွေ ပိုများလာမယ်။ အဲဒီအတွက်ကြောင့်နဲ့ သူတို့ စိုးရိမ်ကြတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ လတာအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်အတွင်း တိုက်ပွဲပေါင်း ၁၂၁ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ 

စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၃၄ ယောက် သေဆုံးပြီး ၇၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဒရုန်း၊ လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ဒါ့အပြင် နေအိမ် ၄ လုံးအပါအဝင် စာသင်ကျောင်းနဲ့ ဘာသာရေးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။ 

အောင်ခန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013