
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်-ကသာလမ်းပိုင်း ကျောက်မှော်ရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းပြန်ထိုးနေပြီး ပိတ်မိနေတဲ့ စစ်တပ်မိသားစုဝင်တွေကို ကယ်ထုတ် ဖို့ ကြိုးစားနေပါတယ်။
ထီးချိုင့်-ကသာလမ်း ကျောက်မှော်ရွာဝန်းကျင်လမ်းပိုင်းကို ဒေသကာကွယ်ရေးတပ်တွေက ဩဂုတ်လလယ်ပိုင်းမှာ ထိန်းချုပ်ထားတာပါ။
အဲဒီလမ်းပိုင်းနေရာကနေ ဆုတ်ခွာသွားတဲ့ စစ်အာဏာရှင်တပ်တွေရဲ့ မိသားစုဝင် အများအပြား လမ်းကြောတလျှောက်မှာ ပိတ်မိကျန်ရစ်နေတာကို ကယ်ထုတ်ဖို့ အောက်တိုဘာလဆန်းမှာ စစ်တပ် က ပြန်ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မှော်ရွာဟာ ထီးချိုင့်မြို့နဲ့ ကသာမြို့ကို ချိတ်ဆက်နေတဲ့ ရွှေဘို-မြစ်ကြီးနား လမ်းမကြီးဘေးမှာရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။
တနည်းအားဖြင့် ကျောက်မှော်ရွာဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက် အချက်အချာကျတဲ့ ကြားစခန်းရွာ ဖြစ်ပါတယ်။
ကျောက်မှော်ရွာဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ တည်ရှိပြီး မြစ်တဖက်ကမ်း (အရှေ့ဘက်) မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်အပိုင်ထဲက ကာကွယ်ရေးအဖွဲ့တွေ အားကောင်းတဲ့ ငါးအိုးရွာ တည်ရှိပါတယ်။
ထီးချိုင့်-ကသာ လမ်းပိုင်းဟာ စုစုပေါင်း ၅၈ မိုင်ကျော်သာ ကွာဝေးပြီး ပုံမှန်ကားမောင်းချိန် ၂ နာရီကျော်သာ ကြာမြင့်မှာဖြစ်ပေမဲ့ နှစ်ဖက် စစ်ရေးတင်းမာမှုတွေကြောင့် လမ်းကြောင်းပိတ်ဆို့ပြီး သွားလို့မရ ဖြစ်နေတာပါ။
ပထဝီအနေအထားနဲ့ စစ်ရေးတင်းမာမှု အချက်အလက်တွေအရ ထီးချိုင့်-ကသာလမ်းရဲ့ အလယ်မှာ တည်ရှိတဲ့ ကျောက်မှော်ရွာကို ပြန်ထိန်းချုပ်နိုင်မှ စစ်အာဏာရှင်တပ်က စစ်ရေးအသာစီး ပြန်ယူနိုင်မှာ ဖြစ်ပါတယ်။
ကသာဒေသခံတယောက်က “ထီးချိုင့် ကျောက်မှော်ဘက်မှာ နတ်အင်းဘက်ကို စစ်ကြောင်း ထိုးလာပြီတဲ့၊ အင်အားက ၁၀၀ ခန့် ဆိုတဲ့အခါကြတော့ သူတို့က ကသာဘက်ကို လာချင်တာလည်း ဖြစ်မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကသာနဲ့ ထီးချိုင့်ကြားမှာ အခု တော်လှန်ရေးဘက်ကနေ ပြန်ပြီးစိုးမိုးထားတာတွေ ရှိတယ်ပေါ့။ အဲဒီလမ်းကြောင်းကို သူတို့ ဖြတ်ချင်တာလည်း ဖြစ်မယ်။ ပြီးတော့ ကသာမှာလည်း တပ်မိသားစုတွေ အများကြီး ကျန်ခဲ့တာပေါ့။ အဲဒါကိုလည်း လာပြီး ကြိုချင်တာလည်း ဖြစ်မယ်။ ဟိုဘက်ကမ်းကို ငါးအိုးဘက်ကနေ သွားချင်တာကို မသွားရဲတဲ့အခါကျတော့၊ အဲဒီဘက်ကနေ မဖြတ်ရဲတဲ့အခါကျတော့၊ အဲဒါကို ကြိုဖို့ သွားတယ်လို့ ထင်တာပဲ။ ကသာဘက်ကို ဆက်ထွက်မယ် ဆိုရင်တော့ အဲဒီကိစ္စ ဖြစ်လောက်တယ်။ ကသာမှာ စောစောကတည်းက ပိတ်မိနေတာတဲ့။ ကားလမ်းကြောင်း မပွင့်တဲ့အခါကျတော့၊ တပ်မိသားစုတွေ ကားအစီးရေကို မနည်းဘူး ရာချီလို့ပြောတာပဲ။ အဲဒီလမ်းကြောင်းကို ဖွင့်ချင်တာလား မသိဘူးတဲ့။ အခု ထီးချိုင့်ဘက်ကလာမှာ ဆိုတာကလေ၊ လောလောဆယ်တော့ ထီးချိုင့်ဘက်မှာပဲရှိတုန်း၊ ကသာမြို့နယ်ထဲကိုတော့ မရောက်သေးဘူး။ ကသာကနေ လှမ်းမီတဲ့ တော်လှန်ရေးစိုးမိုးတဲ့ နယ်မြေကို ဒရုန်းနဲ့ ချတာတွေရှိတယ်၊ လက်နက်ကြီး ဟောင်ဝစ်ဇာနဲ့ လှမ်းပစ်တာလည်း ရှိတယ်၊ အခုလည်း အဲဒီလိုတော့ ပစ်နေတယ်” လို့ ပြောပါတယ်။
ထီးချိုင့်နဲ့ ကသာမြို့ပေါ် နေရာတွေကို စစ်တပ်က ဆက်လက်ထိန်းချုပ်ထားပေမဲ့ ဒေသတွင်း လမ်းပိုင်းနေရာတွေကို ပြန်လက်လွှတ်ထားရတာ ဖြစ်ပါတယ်။
ထီးချိုင့်ဘက်ခြမ်းမှာ တရုတ်အစိုးရနဲ့ ဖက်စပ်လုပ်ထားတဲ့ တကောင်းနီကယ်စီမံကိန်းနဲ့ ဂရိတ်ဝေါ သကြားစက်လုပ်ငန်း နေရာတွေကိုတော့ စစ်တပ်က အင်အားသုံး ထိန်းချုပ်ပြီး လုပ်ငန်း ပြန်လည်ပတ်ဖို့ ကြိုးစားနေတာပါ။
ထီးချိုင့်ဒေသခံတယောက်က “မောင်းကုန်း နီကယ် အခြေအနေကတော့ ကျနော်လည်း ရေရေရာရာ မသိဘူးရယ်၊ အထဲက အဆက်အသွယ် ပြတ်နေတာဆိုတော့။ ဂရိတ်ဝေါသကြားစက်ကတော့ သူတို့ လာမဲ့နှစ်ကို လည်ဖို့အတွက် ဒီမှာ တောင်သူတွေဆီက ကြံဧကတွေ လိုက်တိုင်းနေတာတော့ ရှိတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းခရိုင်နဲ့ ကသာခရိုင်တို့မှာ စစ်ရေးဆက်လက်တင်းမာနေပြီး ရာသီဥတု ဆိုးရွားတာ၊ လမ်းပန်းခရီး အဆင်မပြေတာ၊ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက် နေတာတွေကြောင့် သတင်းအချက်အလက် အတည်ပြုဖို့ ခက်ခဲနေပါတယ်။
မြေပြင်ခရီး အဆင်မပြေတာကြောင့် စစ်တပ်က ဧရာဝတီမြစ်ရိုးအတိုင်း လက်နက်နဲ့ ရိက္ခာ ထောက်ပို့တာတွေ ပြုလုပ်နေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ စစ်တပ်ရဲ့ ရေကြောင်းထောက်ပို့ ရေယာဉ်အများအပြားကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် စစ်အာဏာရှင်တပ်ဘက်က ဆုံးရှုံးမှု များခဲ့ပါတယ်။
သုတချမ်းသာ










