
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အနောက်ခြမ်းကို အောက်တိုဘာ ၇ ရက် ညပိုင်းမှာ စစ်အာဏာရှင် တပ်ရဲ့ စစ်ကြောင်းတက်လာလို့ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ အောက်တိုဘာ ၈ ရက်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မိုးဗြဲမှာရှိတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
လက်ရှိ မိုးဗြဲမြို့ထဲမှာ ခလရ ၄၂၂ တပ်ကျန်နေပြီး မိုးဗြဲ-နန်းမယ်ခုံ- ဒီးမော့ဆို လမ်းမကြီးတကြောကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာပါ။
ဒါပေမဲ့ မိုးဗြဲနားတဝိုက်ကို အမှတ် ၁ အယ်လ်ဖာ စစ်ဒေသအဖြစ် တော်လှန်ရေးတပ်ပေါင်းစုဘက် က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
မိုးဗြဲစစ်ရေးရင်းမြစ်က “မနေ့ညကတော့ Alpha ဘက်အခြမ်းတော့ ကျနော်တို့မသိဘူး။ ကျနော်တို့ ဘက်ကို တက်လာတဲ့ စစ်သားတွေကတော့ မသေဘူး။ ဒီတိုင်း ခွေးပြေးဝက်ပြေး ဆုတ်သွားတာ ထိရင်လည်း အနည်းကျဉ်းလောက်ပဲထိမှာပေါ့။ ဒါပေမဲ့ Alpha ဘက်ကတော့ သူတို့ဝင်လုံးတယ် ဆိုတော့ အဲ့ဘက်မှာတော့ စစ်သားတွေသေတာရှိနိုင်တယ်။ အသေချာတော့ ကျနော်တို့ မပြောနိုင်သေးဘူး။ မနေ့ညကတည်းက တိုက်ပွဲဖြစ်နေတာ ဒီနေ့အထိပဲ”လို့ ပြောပါတယ်။
လက်ရှိတိုက်ပွဲမှာ စစ်တပ်က အထိနာနေပြီး လေကြောင်းပစ်ကူတွေ ဆက်တိုက်လာနေတဲ့အတွက် ပြည်သူတွေ လေကြောင်းရန်နဲ့ ဒရုန်းတွေကို သတိထားဖို့ကိုလည်း သတိပေးနှိုးဆော်ထားပါတယ်။
နန်းမယ်ခုံမှာရှိနေတဲ့ ဒေသခံတယောက်က “ဒရုန်းကော၊ လေယာဥ်ကော လာလာနေတာ။ လေယာဉ် က တခါလာ ၂ စင်းပဲ အသံတွေကြားနေရတယ်”လို့ ပြောပါတယ်။
လွိုင်ကော်နားတဝိုက်ကို စစ်တပ်ကပြန်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ရေးအရ အရေးပါတဲ့ လွိုင်ကော် မှာ တိုင်းစစ်ဌာနချုပ် တခုထပ်ဖွင့်လိုက်ပြီးနောက် မြေပြင်စစ်ကြောင်းတွေ တက်လာတဲ့ အခြေအနေ လည်း ဖြစ်ပါတယ်။
လက်ရှိ စစ်တပ်က လေကြောင်းကော၊ ဒရုန်းကောသုံးပြီး လွိုင်ကော်အရှေ့ခြမ်း မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒီးမောဆို၊ ရှားတောနဲ့ မော်ချီးဘက်က အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြီးခဲ့တဲ့ စက်တင်ဘာတလအတွင်းမှာပဲ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၅ ယောက် သေဆုံးခဲ့ တယ်လို့ တိုးတက်သောကရင်နီပြည်အင်အားစု (PKPF) က အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန် ထားပါတယ်။
မောရစ်











