
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာထဲကို ဝင်လာတဲ့ စစ်အာဏာရှင် စစ်ကြောင်းဟာ တောင်သူ ၁ ယောက်ကို ပစ်သတ်ခဲ့ပြီး အရပ်သား ၃ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ သစ်ဖြူကျေးရွာက အသက် ၄၀ ကျော်အရွယ် ဦးကြည်ဝင်း ဆိုသူဖြစ်ပြီး စက်တင်ဘာ ၂၈ ရက် ညနေ ၆ နာရီခန့်မှာ သူ့ရဲ့လယ်ထဲမှာ ရှိနေချိန် စစ်အာဏာရှင် စစ်ကြောင်းက သစ်ဖြူကျေးရွာဘက်ကို ဝင်လာချိန် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတစ်ယောက်က “လယ်လုပ်နေတဲ့ ရွာသားကို ပစ်တာ။ သေနတ်မှန်ပြီး သေဆုံးသွားတာပါ။ လယ်ကွင်းထဲမှာ ရှိနေတာ။ စစ်ကြောင်းဝင်လာတော့ ကြောက်လို့ ပြေးတာကို ပစ်တာ။ စစ်ကြောင်းက ရွာထဲ အထိုင်ချထားတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင် စစ်ကြောင်းဝင်လာချိန် သေနတ်သံကြားတာကြောင့် ထွက်ပြေးတဲ့ ကိုဂျစ်တူး၊ ကိုဖိုးပြည့် နဲ့ ဝင်းနိုင် ဆိုတဲ့ အသက် ၃၀ ဝန်းကျင် အရပ်သား ၃ ယောက်ကိုလည်း စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
အဖမ်းခံရတဲ့ အရပ်သားတွေရဲ့ မိသားစုဝင်တယောက်က “ပြေးတာကို ပစ်ဖမ်းသွားတာ။ ဘယ်ခေါ်သွားလဲ မသိဘူး။ သတင်းအစအနလည်း မရဘူး” လို့ ပြောပါတယ်။
စစ်ကြောင်း ရောက်ရှိလာတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သေဆုံးသူ ဦးကြည်ဝင်းရဲ့ အလောင်းကိုလည်း စက်တင်ဘာ ၂၈ ရက် ညပိုင်းအထိ ကျေးရွာထဲ စစ်အာဏာရှင်တပ်က တပ်စွဲထားတာကြောင့် မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။
သစ်ဖြူကျေးရွာအနီးမှာ စစ်အာဏာရှင် စစ်ကြောင်း ရောက်ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။










