DVB Logo
Home
မြန်မာသတင်း
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို RSF က သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်
DVB
·
November 19, 2025
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို RSF က သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်
1 / 2
Donate to DVB

စစ်ကောင်စီရဲ့ မတရားဖမ်းဆီး ထောင်ချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်လိုက်ပါတယ်။

ဒီဆုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က ပါရီမြို့မှာ ကျင်းပတဲ့ RSF အဖွဲ့ တည်ထောင်မှု နှစ် ၄၀ ပြည့် အထိမ်းအမှတ်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆုပေးပွဲ အခမ်းအနားမှာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး ရှင်ဒေဝီ ကိုယ်စား စာရေးဆရာမ မသီတာ(စမ်းချောင်း) က ဆုလက်ခံရယူခဲ့ပါတယ်။

Courage Prize ၊ Impact Prize ၊ Independence Prize ၊ the Mohamed Maïga Prize for African Investigative Journalism နဲ့ Lucas Dolega-SAIF Photo Prize စတဲ့ ခေါင်းစဉ် ၅ မျိုးနဲ့ ရွေးချယ်ချီးမြှင့်တဲ့ အခုနှစ်ရဲ့ ဆန်ခါတင်စာရင်းထဲမှာတော့ နိုင်ငံပေါင်း ၁၈ နိုင်ငံက သတင်းထောက် ၁၅ ယောက်၊ မီဒီယာဌာန ၉ ခုနဲ့ ဓာတ်ပုံသတင်းထောက် ၅ ယောက် ပါဝင်ခဲ့သလို အားလုံးက ကမ္ဘာတဝန်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်မြှင့်တင်ရာမှာ သိသာထင်ရှားတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ခဲ့ကြတဲ့အကြောင်းလည်း RSF သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စာရေးဆရာမ မသီတာ(စမ်းချောင်း) ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး “ဝမ်းသာဂုဏ်ယူပါတယ် ရှင်ဒေဝီ။ ဒီနေ့ နိုဝင်ဘာ ၁၅ ရက် အကျဉ်းကျစာရေးဆရာများနေ့မှာမှ ကဗျာဆရာ သတင်းမှတ်တမ်းဒါရိုက်တာ ရှင်ဒေဝီကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က Press Freedom Independence award 2025 သတင်းလွတ်လပ်ခွင့်ဆု ပေးအပ်ခဲ့ပါတယ်။ အကျဉ်းကျနေတဲ့ ရှင်ဒေဝီ့ကိုယ်စား အခမ်းအနားကျင်းပရာ ပါရီမှာ တက်ရောက်လက်ခံပေးခွင့် ရခဲ့ပါတယ်။ မြန်မာရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေကို ခဏလေး ပြောခွင့်ရခဲ့ပါတယ်။ တကယ့်ကို လှိုက်လှဲဝမ်းသာ ဂုဏ်ယူရပါတယ် ရှင်ဒေဝီရေ။ အမြန်ဆုံး လွတ်မြောက်လာပါစေလို့ ဆုတောင်းမေတ္တာလည်း ပို့သပါတယ်” လို့ ရေးသားမျှဝေထားပါတယ်။

ရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ရိုက်ကူးရေး ဒရုန်းတခုကို အွန်လိုင်းကနေ မှာယူပြီး အောင်မင်္ဂလာအဝေးပြေးဝင်းမှာ သွားရောက်ယူဆောင်ချိန် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ၂၀၀၅ ကနေ ၂၀၁၀ အထိ ဒီဗွီဘီသတင်းဌာနမှာ ရုပ်သံသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို မှတ်တမ်းတင်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် Yangon Film School အလုပ်ရုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပြီးနောက် ရှင်ဒေဝီဟာ  မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းတွေ စတင်လုပ်ကိုင်ခဲ့ပြီး အနည်းဆုံး ရုပ်သံမှတ်တမ်း ၁၅ ကားလောက် ရိုက်ကူးထားပါတယ်။

မန္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအကြောင်း ရှင်ဒေဝီ ရိုက်ကူးထားတဲ့  “Brighter Future” မှတ်တမ်းရုပ်ရှင်ဟာ ၂၀၀၉ ခုနှစ်က မြန်မာပြည်မှာ ကျင်းပတဲ့   Art of Freedom ရုပ်ရှင်ပြပွဲမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရခဲ့ပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန် စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေအကြောင်း ရှင်ဒေဝီ ရိုက်ကူးခဲ့တဲ့ “Take Me Home” မှတ်တမ်းရုပ်ရှင်ဟာလည်း ၂၀၁၃ ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရခဲ့ပါတယ်။

ဒါ့အပြင် ဆင်းရဲလို့ ပညာမသင်ရတဲ့ မြန်မာမိန်းကလေးငယ်တယောက်အကြောင်း ရိုက်ကူးထားတဲ့ ‘Now I’m Thirteen’ မှတ်တမ်းရုပ်ရှင်ဟာလည်း ၂၀၁၄ Kota Kinabalu နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဒုတိယ ငွေဆု ရရှိခဲ့ပါတယ်။

ရှင်ဒေဝီကိုတော့ စစ်အုပ်စုက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၄(ဃ) တို့နဲ့ ၂၀၂၄ ခုနှစ်မှာ ထောင်ဒဏ်တသက် ချမှတ်ခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ ထောင်ဒဏ် ၁၅ နှစ်အဖြစ် ပြင်ဆင်ချမှတ်ထားတာ ဖြစ်ပါတယ်။

Photo: RSF/ MaThida

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013